Psalms 14
14:1 ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဖွယ်သော အမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူ တစ်ယောက်မျှမရှိ။
14:2 နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစ်စုံတစ်ယောက်ရှိသည် မရှိသည်ကိုသိမြင်ခြင်းငှာ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၏။
14:3 လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှမရှိ။
14:4 မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကိုကိုက်စား၍၊ ထာဝရဘုရားကိုပတ္ထနာမပြုသော အဓမ္မလူအပေါင်းတို့သည် မသိဘဲ နေရကြသလော။
14:5 သို့ဖြစ်၍ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် ဖြောင့်မတ်သောလူမျိုးဘက်၌ ရှိတော်မူ၏။
14:6 နှိမ့်ချလျက်ရှိသောသူသည် ထာဝရဘုရားကိုခိုလှုံသောကြောင့်၊ သင်တို့သည် သူ၏အကြံအစည်ကို အရှက်ကွဲစေတတ်ကြ၏။
14:7 ဣသရေလအမျိုးကို ကယ်တင်ခြင်းကျေးဇူးတော်သည်၊ ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသောလူမျိုးတော်ကို တစ်ဖန် ထာဝဘုရားသည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်းရှိလိမ့်မည်။