Psalms 143
143:1 အိုထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာကိုကြား၍၊ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန်ပြောတော်မူပါ။
143:2 ကိုယ်တော်၏ကျွန်နှင့် တရားတွေ့တော်မမူပါနှင့်။ အသက်ရှင်သောသူမည်သည်ကား၊ ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ။
143:3 ရန်သူသည် အကျွန်ုပ်၏ဝိညာဉ်ကိုညှဉ်းဆဲ၍၊ အသက်ကိုလည်း မြေတိုင်အောင် နှိပ်နင်း၍၊ ကြာမြင့်စွာ သေနေသောသူကဲ့သို့၊ အကျွန်ုပ်ကို မှောင်မိုက်ထဲမှာနေစေပါ၏။
143:4 အကျွန်ုပ်သည် စိတ်ပျက်လျက်၊ ကိုယ်အထဲ၌ နှလုံးကြေကွဲလျက်ရှိပါ၏။
143:5 ရှေးလွန်လေပြီးသော ကာလကိုအောက်မေ့၍၊ အလုံးစုံသောအမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သော အရာများကိုလည်းကောင်း ဆင်ခြင်ပါ၏။
143:6 ကိုယ်တော်ထံသို့ လက်တို့ကိုဆန့်ပါ၏။ သွေ့ခြောက်သောမြေကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါ၏။
143:7 အိုထာဝရဘုရား၊ အလျင်အမြန် နားထောင်တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ။ မျက်နှာလွှဲတော်မူသဖြင့်၊ တွင်းထဲသို့ ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့်။
143:8 ကရုဏာတော်စကားသံကို အလျင်အမြန် ကြားစေတော်မူပါ။ ကိုယ်တော်၌ ကိုးစားပါ၏။ ကိုယ်သွားရမည်လမ်းကို သိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသပါ၏။
143:9 အိုထာဝရဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ ကိုယ်တော်ကို ခိုလှုံပါ၏။
143:10 အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကို သွေးဆောင်တော်မူပါစေသော။
143:11 အိုထာဝရဘုရား၊ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ဖြောင့်မတ်တော်မူသည်နှင့်အညီ၊ အကျွန်ုပ်၏ဝိညာဉ်ကို ဆင်းရဲဒုက္ခအထဲက နုတ်ယူတော်မူပါ။
143:12 ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်၏ရန်သူတို့ကိုပယ်ရှင်း၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။