Psalms 144
144:1 ငါ၏ကျောက်တည်းဟူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ငါ့လက်သည်စစ်တိုက်၍၊ လက်ချောင်းတို့လည်း စစ်မှုကိုလေ့ကျက်မည်အကြောင်း သွန်သင်တော်မူ၏။
144:2 ငါ့ကိုသနားသောသူ၊ ငါ၏မြို့ရိုး၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏အကွယ်အကာ ဖြစ်တော်မူ၏။ ထိုဘုရားသခင်ကို ငါကိုးစား၏။ ငါ၏လူမျိုးကို ငါ့အောက်သို့ နှိမ့်ချတော်မူ၏။
144:3 အိုထာဝရဘုရား၊ လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် မှတ်တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍၊ ပမာဏပြုတော်မူရသနည်း။
144:4 လူသည်အငွေ့နှင့် တူပါ၏။ သူ၏နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ ဖြစ်ကြပါ၏။
144:5 အိုထာဝရဘုရား၊ ကိုယ်တော်၏ မိုးကောင်းကင်ကို ညွှတ်၍ဆင်းသက်တော်မူပါ။ တောင်တို့ကို တို့တော်မူပါ။ သူတို့သည် မီးခိုးထွက်ကြပါလိမ့်မည်။
144:6 လျှပ်စစ်ပြက်စေ၍ လေးမြားတော်တို့ကိုပစ်သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေ၍ နှိပ်စက်တော်မူပါ။
144:7 အထက်အရပ်က လက်တော်ကိုဆန့်၍ အကျွန်ုပ်ကိုနုတ်တော်မူပါ။ တစ်ခဲနက်သော ရေထဲကလည်းကောင်း၊ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ လက်ထဲကလည်းကောင်း၊ ဆယ်ယူကယ်တင်တော်မူပါ။
144:8 သူတို့၏နှုတ်သည် မုသားစကားကိုပြောတတ်ပါ၏။ သူတို့၏လက်ယာလက်သည်လည်း လှည့်စားတတ်သော လက်ဖြစ်ပါ၏။
144:9 အိုဘုရားသခင်၊ ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုပါမည်။ ကြိုးဆယ်ပင်ရှိသောတူရိယာနှင့် ထောမနာသီချင်းဆိုပါမည်။
144:10 အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အားပေးတော်မူ၏။ ကိုယ်တော်၏ကျွန်ဒါဝိဒ်ကို ဆိုးသောဓားဘေးနှင့် ကင်းလွတ်စေတော်မူ၏။
144:11 တစ်ကျွန်းတစ်နိုင်ငံသားတို့၏လက်မှ၊ အကျွန်ုပ်ကိုနုတ်ယူ၍ ကယ်တင်တော်မူပါ။ သူတို့၏နှုတ်သည် မုသားစကားကို ပြောတတ်ပါ၏။ သူတို့၏ လက်ယာလက်သည်လည်း လှည့်စားတတ်သော လက်ဖြစ်ပါ၏။
144:12 အကျွန်ုပ်တို့၏သားတို့သည် အရွယ်ပျိုစဉ်တွင်၊ ကြီးပွားသော ပျိုးပင်ကဲ့သို့လည်းကောင်း၊ သမီးတို့သည် ဘုံဗိမာန်နည်းတူ ထုသော တိုက်ထောင့်ကျောက်တိုင်ကဲ့သို့လည်းကောင်း ဖြစ်ကြပါစေသော။
144:13 အကျွန်ုပ်တို့၏ဘဏ္ဍာတိုက်တို့သည် အစားအသောက် အသုံးအဆောင်များနှင့် ပြည့်စုံခြင်း၊ သိုးတို့သည် ပြင်အရပ်တို့၌ အထောင်အသောင်းမွေးဖွားခြင်း၊
144:14 နွားတို့သည်လည်း ကြီးပွားများပြားခြင်းရှိပါစေသော။ အနိုင်အထက်ဝင်ခြင်း မရှိ။ သိမ်းသွားခြင်း မရှိ။ လမ်းတို့၌ ကြွေးကြော်မြည်တမ်းခြင်း မရှိပါစေနှင့်။
144:15 ထိုသို့နေသောလူမျိုးသည် မင်္ဂလာရှိပါ၏။ ထာဝရဘုရားသည် အကြင်လူမျိုး၏ ဘုရားသခင်ဖြစ်၏။ ထိုလူမျိုးသည် မင်္ဂလာရှိပါ၏။