Psalms 146
146:1 အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ချီးမွမ်းလော့။
146:2 ငါသည် အသက်ရှင်စဉ်အခါ၊ ထာဝရဘုရားကို ချီးမွမ်းမည်။ ငါဖြစ်စဉ်ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။
146:3 မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။
146:4 သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။
146:5 ယာကုပ်အမျိုး၏ ဘုရားသခင် မစတော်မူသောသူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မျှော်လင့်သောသူသည် မင်္ဂလာရှိ၏။
146:6 ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ်၌ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။ သစ္စာတော်ကို အစဉ်အမြဲစောင့်တော်မူ၏။
146:7 ညှဉ်းဆဲခြင်းကိုခံရသောသူတို့အား တရားပြုတော်မူ၏။ ငတ်မွတ်သောသူတို့ကို ကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းကိုခံရသောသူတို့ကို လွှတ်တော်မူ၏။
146:8 ထာဝရဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏။ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ကို ကြွပင့်တော်မူ၏။ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
146:9 ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မတော်မူ၍၊ မုဆိုးမနှင့် မိဘမရှိသောသူတို့ကို ထောက်မတော်မူ၏။ မတရားသောသူတို့၏လမ်းကိုကား၊ ကွေ့ကောက်စေတော်မူ၏။
146:10 အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတ္တံ့သတည်း။ ဟာလေလုယ။