Psalms 145
145:1 အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းချီးပေးပါမည်။
145:2 ကိုယ်တော်ကို နေ့တိုင်းအစဉ် ကောင်းချီးပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပါမည်။
145:3 ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်။
145:4 အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း၍၊ တန်ခိုးတော်များကို ဟောပြောကြပါလိမ့်မည်။
145:5 အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော်တော်ကိုလည်းကောင်း၊ အံ့ဖွယ်သော အမှုတော်တို့ကိုလည်းကောင်း မြွက်ဆိုပါမည်။
145:6 သူတို့သည် ကြောက်မက်ဖွယ်သော အမှုတော်တို့၌ပါသော တန်ခိုးကိုမြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်း အကြောင်းကို ကြားပြောပါမည်။
145:7 သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဖို့ရာ မြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်းအရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည်။
145:8 ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံ၍၊ ခန္တီတော်နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။
145:9 ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏။
145:10 အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကောင်းချီးပေးကြပါ၏။
145:11 နိုင်ငံတော်၏ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်း ဟောပြောမြွက်ဆိုသဖြင့်၊
145:12 တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့အား ဖော်ပြကြပါ၏။
145:13 ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍၊ အာဏာတော်သည် ကာလအစဉ်အဆက်တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏။
145:14 နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။
145:15 ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကိုမျှော်ကြည့်ကြ၍၊ အချိန်တန်မှ သူတို့ကို ကျွေးမွေးတော်မူ၏။
145:16 လက်တော်ကိုဖွင့်၍၊ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။
145:17 ထာဝရဘုရား၏လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏။
145:18 ထာဝရဘုရားသည် ပတ္ထနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပတ္ထနာပြုသောသူအပေါင်းတို့၏အနီးအပါး၌ ရှိတော်မူ၏။
145:19 ကြောက်ရွံ့သောသူတို့၏အလိုကို ပြည့်စုံစေတော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်တင်တော်မူ၏။
145:20 ထာဝရဘုရားသည် ကြည်ညိုသူအပေါင်းတို့ကို စောင့်မတော်မူ၏။ မတရားသောသူအပေါင်းတို့ကိုကား၊ ဖျက်ဆီးတော်မူမည်။
145:21 ထာဝရဘုရားကိုချီးမွမ်းလျက် ငါမြွက်ဆိုမည်။ ခပ်သိမ်းသောလူတို့သည် သန့်ရှင်းသောနာမတော်ကို ကမ္ဘာအဆက်ဆက် ကောင်းချီးပေးကြစေ။