Psalms 18
18:1 အိုထာဝရဘုရား၊ အကျွန်ုပ်၏ခွန်အားဗလတည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။
18:2 ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။
18:3 ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ရောက်၏။
18:4 သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။
18:5 မရဏနိုင်ငံ၏ကြိုးတို့သည် ဝိုင်း၍၊ သေမင်း၏ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက်ရှိ၏။
18:6 ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲမှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။
18:7 ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ တောင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။
18:8 နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏။
18:9 မိုးကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဖဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏။
18:10 ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏အတောင်တို့အပေါ်မှာ လျင်စွာ ပျံတော်မူ၏။
18:11 မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တစ်ခဲနက်သောရေနှင့် ထူထပ်သော မိုးတိမ်တို့သည် ကိုယ်တော်ကို ကာရံလျက်ရှိကြ၏။
18:12 ရှေ့တော်၌ ရောင်ခြည်ကြောင့် တိမ်ထပ်တို့သည် မိုးသီးနှင့်မီးခဲပါလျက် လွင့်ကြ၏။
18:13 ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုးချုန်း၍၊ အမြင့်ဆုံးသောဘုရားသည် အသံတော်ကိုလွှင့်တော်မူ၏။
18:14 လေးမြားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။
18:15 ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှူတော်မူသောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ပွင့်လစ်ထင်ပေါ်လျက်ရှိကြ၏။
18:16 ထာဝရဘုရားသည် အထက်အရပ်က လက်တော်ကိုဆန့်၍၊ တစ်ခဲနက်သောရေထဲက ငါ့ကိုဆယ်ယူတော်မူ၏။
18:17 ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင်နိုင်အောင် ခွန်အားကြီးသောရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။
18:18 ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာဖြစ်၍၊
18:19 ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကို နှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
18:20 ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏အကျိုးကို စီရင်တော်မူ၏။
18:21 အကြောင်းမူကား၊ ငါသည် ထာဝရဘုရား၏လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍မသွား။
18:22 စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့ကိုမပယ်၊
18:23 ရှေ့တော်မှာဖြောင့်မတ်၍၊ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏။
18:24 ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ လက်စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကိုပေးတော်မူပြီ။
18:25 သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကိုလည်းကောင်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကိုလည်းကောင်း၊
18:26 သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကိုလည်းကောင်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သောသဘောကိုလည်းကောင်း ပြတော်မူ၏။
18:27 နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည်ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချတော်မူ၏။
18:28 အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကိုထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
18:29 အကျွန်ုပ်သည် ကိုယ်တော်ကို အမှီပြု၍၊ တပ်ကိုဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကိုကျော်၍ ဝင်ပါပြီ။
18:30 ဘုရားသခင် စီရင်တော်မူသောအမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာဖြစ်တော်မူ၏။
18:31 ထာဝရဘုရားမှတစ်ပါး အဘယ်ဘုရားသခင်ရှိသနည်း။ ငါတို့ ဘုရားသခင်မှတစ်ပါး အဘယ်မည်သောကျောက် ရှိသနည်း။
18:32 ထိုဘုရားသခင်သည် ငါ့ကိုခွန်အားခါးပန်းနှင့် စည်း၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။
18:33 ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။
18:34 ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှာ သွန်သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။
18:35 ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ လက်ယာလက်တော်အားဖြင့် မစတော်မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည်ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။
18:36 အကျွန်ုပ်သွားသောလမ်းကိုရှင်းလင်း၍ ခြေမချော်စေခြင်းငှာ ပြုတော်မူသောအားဖြင့်၊
18:37 အကျွန်ုပ်သည် ရန်သူတို့ကိုလိုက်၍ မီသဖြင့်၊ သူတို့ကို မပယ်ရှင်းမီတိုင်အောင် မပြန်ပါ။
18:38 သူတို့သည် အကျွန်ုပ်ခြေအောက်မှာလဲလျက်ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည်နှိပ်နင်းပါ၏။
18:39 အကြောင်းမူကား၊ စစ်တိုက်ခြင်းငှာ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။
18:40 အကျွန်ုပ်ကို မုန်းသောရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော်မူ၏။
18:41 သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသူ မရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
18:42 ထိုအခါ အကျွန်ုပ်သည် သူတို့ကို လေတိုက်သောမြေမှုန့်ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကိုကဲ့သို့ သွန်ပစ်လေ၏။
18:43 လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကိုကယ်လွှတ်၍၊ တစ်ပါးအမျိုးသားတို့၏ အကဲအမှူးအရာ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဖူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။
18:44 အကျွန်ုပ်စကားသံကို ကြားသည်ခဏချင်းတွင် နားထောင်ပါ၏။ တစ်ပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။
18:45 ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။
18:46 ထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်းရှိပါစေသတည်း။
18:47 ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။
18:48 ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။
18:49 ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။
18:50 ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ၏။ ဘိသိက်တော်ကိုခံရသော ဒါဝိဒ်မှစ၍ အမျိုးအနွယ်အား ကာလအစဉ်အဆက် ကရုဏာကျေးဇူးကိုပြုတော်မူ၏။