Psalms 19
19:1 မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။
19:2 တစ်နေ့ကိုတစ်နေ့ မြွက်ဆို၍၊ တစ်ညကိုတစ်ည သွန်သင်၏။
19:3 နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့ နှုတ်ထွက်သံကိုမကြားရသော်လည်း၊
19:4 သူတို့၏အသံသည် မြေတစ်ပြင်လုံး၌နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေ၏။
19:5 မိုးကောင်းကင်တွင် နေဗိမာန်ကိုထားတော်မူသဖြင့်၊ နေသည်အိပ်ခန်းထဲကထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ ဖြစ်၍၊ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက်၊
19:6 မိုးကောင်းကင် တစ်စွန်းမှထွက်လာ၍၊ တစ်စွန်းတိုင်အောင် လှည့်ပတ်သောအားဖြင့်၊ သူ၏အပူအရှိန်မှ ကွယ်လွတ်သောအရာ တစ်စုံတစ်ခုမျှမရှိ။
19:7 ထာဝရဘုရား၏တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။
19:8 ထာဝရဘုရား၏နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကိုရှင်းလင်းစေတတ်၏။
19:9 ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။
19:10 ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက်ချိုကြ၏။
19:11 တရားတော်အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။
19:12 မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည်နိုင်သနည်း။ မထင်ရှားသောဒုစရိုက်အပြစ်နှင့် အကျွန်ုပ်ကို ကင်းစင်စေ၍၊
19:13 ရဲရင့်သောဒုစရိုက်ကိုလည်း ကိုယ်တော်၏ကျွန်သည် မပြုရမည်အကြောင်း ဆီးတားတော်မူပါ။ ဒုစရိုက်အပြစ်သည် အကျွန်ုပ်ကို အစိုးမရပါစေနှင့်။ ထိုသို့သောအားဖြင့် အကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ၍၊ ကြီးစွာသောပြစ်မှားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
19:14 အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။ အိုထာဝရဘုရား အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်ကိုရွေးနုတ်တော်မူသောဘုရား။