Psalms 22
22:1 အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူသနည်း။
22:2 အကျွန်ုပ်ဘုရား၊ နေ့အခါ အကျွန်ုပ်အော်ဟစ်သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညအခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။
22:3 ကိုယ်တော်မူကား၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ၏။
22:4 အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစားကြပါ၏။ ကိုးစားကြသည်တွင်၊ ကိုယ်တော်သည် ကယ်တင်တော်မူ၏။
22:5 သူတို့သည် ကိုယ်တော်ကို အော်ဟစ်၍ ကယ်တင်ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော်ကိုကိုးစား၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ၏။
22:6 အကျွန်ုပ်မူကား၊ လူမဟုတ်၊ ပိုးကောင်မျှသာ ဖြစ်ပါ၏။ လူများကဲ့ရဲ့စရာ၊ လူစုအရှက်ခွဲစရာဖို့ ဖြစ်ပါ၏။
22:7 အကျွန်ုပ်ကို မြင်သမျှသောသူတို့သည် ပြက်ရယ်ပြုခြင်း၊ နှုတ်ခမ်းဖြဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏။
22:8 သူသည် ထာဝရဘုရားကို ကိုးစားပြီ၊ သူ့ကိုနုတ်တော်မူပါလေစေ။ သူ၌အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏။
22:9 သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲကဆွဲယူ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်းအကြောင်းကို ပယ်ရှင်းတော်မူ၏။
22:10 အကျွန်ုပ်သည် ဖွားကတည်းကပင် လက်တော်သို့ရောက်ပါ၏။ အမိဝမ်းထဲမှစ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင် ဖြစ်တော်မူပါပြီ။
22:11 အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ ဘေးအန္တရာယ်ရောက်လုနီးပါပြီ။ မစသောသူမရှိပါ။
22:12 နွားလားဥသဘတို့သည် အကျွန်ုပ်ကိုဝိုင်း၍၊ အားကြီးသော ဗာရှန်ဥသဘတို့သည် ဝန်းရံလျက် နေကြပါ၏။
22:13 ကိုက်ဖြတ်၍ ဟောက်တတ်သောခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပါးစပ်ဟကြပါ၏။
22:14 အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကိုခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက်ရှိပါ၏။
22:15 အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်းခြောက်၍၊ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။ အကျွန်ုပ်ကို သေမြေတိုင်အောင် ချတော်မူပါပြီ။
22:16 ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက်၊ စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍၊ အကျွန်ုပ်၏လက်ခြေတို့ကို ထိုးဖောက်ကြပါပြီ။
22:17 ကိုယ်အရိုးရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင်ပါ၏။ သူတို့သည် အကျွန်ုပ်ကိုကြည့်မြင်၍ အားရလျက်နေကြပါ၏။
22:18 အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏။
22:19 အိုထာဝရဘုရား၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစခြင်းငှာ အလျင်အမြန် ကြွလာတော်မူပါ။
22:20 အကျွန်ုပ်အသက်ကို ဓားဘေးမှလည်းကောင်း၊ အကျွန်ုပ်အချစ်ဆုံးကို ခွေးလက်မှလည်းကောင်း ကယ်လွှတ်တော်မူပါ။
22:21 ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကိုကယ်တင်၍၊ ကြံ့ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော်မူပါ။
22:22 အကျွန်ုပ်သည် သတင်းတော်ကို ညီအစ်ကိုတို့အားကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်။
22:23 ထာဝရဘုရားကို ကြောက်ရွံ့သောအချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ်အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဖော်ပြကြပါလော့။ ဣသရေလအမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။
22:24 အကြောင်းမူကား၊ နှိမ့်ချလျက်ရှိသောသူ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည် မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင်တော်မူပြီ။
22:25 အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့ရှေ့မှာ၊ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်။
22:26 နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြလိမ့်မည်။ ထာဝရဘုရားကို ရှာသောသူတို့သည် ချီးမွမ်းကြလိမ့်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအားဖြည့်ရလိမ့်မည်။
22:27 မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ်အပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။
22:28 အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံပိုင်တော်မူ၏။ လူမျိုးတို့ကို မင်းပြုတော်မူ၏။
22:29 မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့သည် စား၍ ကိုးကွယ်ကြလိမ့်မည်။ ကိုယ်အသက်ကို မစောင့်နိုင်။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း၊ ရှေ့တော်၌ ညွှတ်ပျပ်ဝပ်တွား ကြလိမ့်မည်။
22:30 သူတို့အမျိုးအနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့်၊ လူအစဉ်အဆက်တို့သည် ထာဝရဘုရား၏သတင်းတော်ကို ကြားရကြလိမ့်မည်။
22:31 ဤသို့စီရင်တော်မူပြီဟု သူတို့သည် ပေါ်လာ၍၊ တရားသောအမှုတော်ကို ဖွားသောလူမျိုးအား ဖော်ပြရကြလိမ့်မည်။