Psalms 21
21:1 အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။
21:2 သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော်မမူ။ သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။
21:3 ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေးတော်မူပြီ။ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော်မူပြီ။
21:4 သူသည် အသက်ကိုဆုတောင်း၍၊ ကိုယ်တော်သည် အသက်မက၊ ထာဝရအသက်ကို ပေးသနားတော်မူပြီ။
21:5 ကယ်တင်တော်မူခြင်းအားဖြင့် သူသည်ဘုန်းကြီး၍၊ လက်တော်မှ ဂုဏ်အသရေနှင့် တန်ခိုးအာနုဘော်ကို ခံရပါ၏။
21:6 ကိုယ်တော်သည် သူ့ကို ထာဝရမင်္ဂလာအရာ၌ခန့်ထား၍၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေတော်မူ၏။
21:7 အကြောင်းမူကား၊ မင်းကြီးသည် ထာဝရဘုရားကိုကိုးစား၍၊ အမြင့်ဆုံးသောဘုရား၏ကရုဏာတော်ကြောင့် တည်ကြည်တတ်ပါ၏။
21:8 ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကိုတွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ယာလက်တော်သည် တွေ့တော်မူမည်။
21:9 အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော်အားဖြင့် သူတို့ကို မျိုတော်မူ၍၊ မီးသည်လည်း လောင်စားပါလိမ့်မည်။
21:10 သူတို့အမျိုးအနွယ်ကို မြေကြီးမှ ပယ်ရှင်း၍၊ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲကဖျက်ဆီးတော်မူမည်။
21:11 အကြောင်းမူကား၊ ကိုယ်တော်တစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်၍၊ မကောင်းသောပရိယာယ်ကို ပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက် ကြပါ။
21:12 ထိုကြောင့် သူတို့မျက်နှာတစ်ဖက်၌ လေးမြားတို့ကိုရွယ်၍၊ သူတို့ကျောကို လှည့်စေတော်မူမည်။
21:13 အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်းတန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်း ရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်းဆိုကြပါမည်။