Psalms 32
32:1 အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။
32:2 ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ၏။
32:3 ငါသည် အပြစ်ကိုမဖော်မပြဘဲ နေစဉ်အခါ၊ တစ်နေ့လုံး ညည်းတွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။
32:4 နေ့ညမပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာလေး၍၊ အကျွန်ုပ်၏ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။
32:5 တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသော ဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။
32:6 ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါလိမ့်မည်။ အကယ်စင်စစ် လွှမ်းမိုးတတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။
32:7 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ အကျွန်ုပ်ကို ဘေးလွတ်စေခြင်းငှာ ကွယ်ကာစောင့်မတော်မူ၏။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏။
32:8 သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကိုပြညွှန်မည်။ သင့်ကို ကြည့်ရှုပြုစုမည်။ ဉာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်။
32:9 သူသည် သင့်ထံသို့ မချဉ်းကပ်သောကြောင့်၊ ပါးစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့် ဆွဲရမည်။
32:10 မတရားသောသူသည် များစွာသောဒုက္ခကိုခံရ၏။ ထာဝရဘုရား၌ ကိုးစားသောသူကိုကား၊ ကရုဏာတော်သည် ဝန်းရံတတ်၏။
32:11 ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်းမြောက်ရွှင်လန်းကြလော့။ သဘောဖြောင့်သောသူတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။