Psalms 31
31:1 အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
31:2 အကျွန်ုပ်ဘက်သို့ နားတော်ကိုလှည့်၍ အလျင်အမြန်၊ ကယ်နုတ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောကျောက်၊ အကျွန်ုပ်လုံခြုံရာရဲတိုက် ဖြစ်တော်မူပါ။
31:3 အကယ်စင်စစ် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဖို့အလို့ငှာ အကျွန်ုပ်ကိုလမ်းပြ၍ သွန်သင်ပဲ့ပြင်တော်မူပါ။
31:4 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ ထိုကြောင့် အကျွန်ုပ်အဖို့ဝှက်ထားသော ကျော့ကွင်းထဲက အကျွန်ုပ်ကို နုတ်ယူတော်မူပါ။
31:5 သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနုတ်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏။
31:6 မုသားအနတ္တကိုဆည်းကပ်သောသူတို့ကို အကျွန်ုပ်သည်မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏။
31:7 ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်းရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကိုကြည့်ရှု၍၊ အကျွန်ုပ်၏ဝိညာဉ်တွေ့သောအမှုကို သိမှတ်တော်မူ၏။
31:8 အကျွန်ုပ်ကိုရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်းသောအရပ်၌ နေရာချတော်မူ၏။
31:9 အိုထာဝရဘုရား၊ အကျွန်ုပ်၌အမှုရောက်ပါပြီ။ ထိုကြောင့် အကျွန်ုပ်ကိုသနားတော်မူပါ။ ပူပန်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည်ပျက်ကြပါပြီ။
31:10 အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍၊ အသက်ကာလကို လွန်စေရပါ၏။ နှစ်စဉ်အတိုင်း ညည်းတွားလျက်နေရပါ၏။ ကိုယ်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍၊ ရန်သူများကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ၏။
31:11 အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ၏။ အကျွမ်းဝင်သောသူများတို့သည်လည်း ရွံကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကိုတွေ့မြင်သောသူတို့သည် ရှောင်၍ပြေးကြပါ၏။
31:12 မအောက်မေ့သောအသေကောင်ကဲ့သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။
31:13 လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏။ ပတ်ဝန်းကျင်အရပ်တို့၌ ကြောက်မက်ဖွယ်သောအကြောင်းရှိပါ၏။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက်၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ၏။
31:14 သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ်လျှောက်ဆိုပါ၏။
31:15 အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ်သော သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
31:16 မျက်နှာတော်၏အလင်းကို ကိုယ်တော်၏ကျွန်အပေါ်၌ ထွန်းလင်းစေတော်မူပါ။ ကရုဏာတော်ကြောင့်၊ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
31:17 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပတ္ထနာပြုပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်း မရှိပါစေနှင့်။ လူဆိုးတို့မူကား၊ အရှက်ကွဲလျက် မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာနေကြပါစေသော။
31:18 မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် တကွ၊ ဖြောင့်မတ်သောသူတစ်ဖက်၌ စော်ကားသောစကားကိုပြော၍၊ မုသား၌ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေသော။
31:19 ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အဖို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံသော သူတို့အဖို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏။
31:20 လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေခြင်းငှာ ကျိန်းဝပ်တော်မူရာအတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူ၏။ ရန်တွေ့ခြင်းအသံကိုကွယ်ကာလျက်၊ တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏။
31:21 ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံ့သောမြို့၌ အံဖွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အားထင်ရှားပြတော်မူပြီ။
31:22 အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုန်လှုပ်လျက်ဆိုမိသော်လည်း၊ ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်ပြုသောပတ္ထနာစကားသံကို ကိုယ်တော် နားထောင်တော်မူသတည်း။
31:23 ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာရှိသောသူတို့ကို စောင့်မတော်မူ၏။ မာနထောင်လွှားသောသူတို့ကိုကား၊ အပြစ်များစွာ ဆပ်ပေးတော်မူသတည်း။
31:24 ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့၊ အားယူ၍ ရဲရင့်သောစိတ်နှလုံးရှိကြလော့။