Psalms 34
34:1 ငါသည် ခပ်သိမ်းသောကာလတို့၌ ထာဝရဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြွက်ဆိုမည်။
34:2 ငါ့ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍၊ ဝမ်းမြောက်ကြပါစေသော။
34:3 ငါနှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့။
34:4 ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နုတ်တော်မူ၏။
34:5 ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်းကိုရကြလိမ့်မည်။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
34:6 ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။
34:7 ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။
34:8 ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသောသူသည် မင်္ဂလာရှိ၏။
34:9 ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲခြင်းမရှိရာ။
34:10 ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုရာ။
34:11 အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းတရားကို သင်တို့အား ငါသွန်သင်မည်။
34:12 ကောင်းမွန်သောအရာကို တွေ့မြင်မည်အကြောင်း၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သောသူ မည်သည်ကား၊
34:13 ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့။ နှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။
34:14 ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်လော့။
34:15 ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။
34:16 ဒုစရိုက်ကိုပြုသောသူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှာ ပယ်ရှင်းမည်အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထားတော်မူ၏။
34:17 ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။
34:18 ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။
34:19 ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။
34:20 သူ၏အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ။
34:21 မတရားသောသူမူကား၊ ဘေးဖြင့်အသက်ဆုံးခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ်သောသူကို မုန်းသောသူတို့သည် အပြစ်စီရင်ခြင်းကို ခံရကြမည်။
34:22 ထာဝရဘုရားသည် မိမိကျွန်တို့၏ အသက်ဝိညာဉ်ကို ရွေးနုတ်တော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ခိုလှုံသောသူ တစ်စုံတစ်ယောက်မျှ အပြစ်စီရင်ခြင်းကို မခံရ။