Psalms 35
35:1 အိုထာဝရဘုရား၊ အကျွန်ုပ်၌ ဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ။
35:2 ဒိုင်းလွှားကိုကိုင်၍ အကျွန်ုပ်ကိုကူညီခြင်းငှာ ထတော်မူပါ။
35:3 အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့၌ လှံတော်ကိုရွယ်၍ ဆီးတားတော်မူပါ။ ငါသည် သင်၌ချမ်းသာပေးသော သူပေတည်းဟု အကျွန်ုပ်၏ဝိညာဉ်အား မိန့်တော်မူပါ။
35:4 အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။
35:5 ထိုသူတို့သည် လေတိုက်သောဖွဲကဲ့သို့ ဖြစ်ကြပါစေသော။ ထာဝရဘုရား၏တမန်သည်လည်း သူတို့ကို လှဲပါစေသော။
35:6 သူတို့သွားသောလမ်းသည် မိုက်သောလမ်း၊ ချောသောလမ်း ဖြစ်ပါစေသော။ ထာဝရဘုရား၏ တမန်သည်လည်း သူတို့ကို လိုက်ပါစေသော။
35:7 အကြောင်းမရှိဘဲ အကျွန်ုပ်အဖို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဖို့တွင်းကို တူးကြပါပြီ။
35:8 ထိုသို့သောသူသည် အမှတ်တမဲ့ပျက်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသော ကျော့ကွင်းသည် မိမိကို ကျော့မိပါစေသော။ မိမိတွင်းထဲသို့ မိမိကျပါစေသော။
35:9 သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူခြင်း အကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်းမြူးထူးခြင်းရှိလိမ့်မည်။
35:10 အကျွန်ုပ်အရိုး ရှိသမျှတို့ကလည်း၊ အိုထာဝရဘုရား၊ အစိုးတရပြုသောသူ၏လက်မှ ဆင်းရဲသားကို နုတ်တော်မူ၍၊ လုယူဖျက်ဆီးတတ်သောသူ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေးတော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်းဟု လျှောက်ဆိုကြမည်။
35:11 မမှန်သောသက်သေတို့သည် ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာ တင်ကြ၏။
35:12 ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့အသက်ကို လုယူခြင်းတည်းဟူသော မကောင်းသောအရာကို ဆပ်ပေးကြ၏။
35:13 ငါမူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကို ဝတ်ဆင်လျက် အစာကိုရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်းလေ၏။
35:14 သူတို့ကို ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုကဲ့သို့ သဘောထား၍ ငါပြု၏။ ကိုယ်အမိကိုအောက်မေ့၍၊ စိတ်မသာညည်းတွားသောသူကဲ့သို့ ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် တမှိုင်မှိုင်နေလေ၏။
35:15 ငါလဲသောအခါမူကား၊ သူတို့သည် ဝမ်းမြောက်၍ စည်းဝေးကြ၏။ ရိုက်ပုတ်သောသူတို့သည် ငါ့တစ်ဖက်၌ စည်းဝေးကြ၏။ သူတို့ကိုလည်း ငါမသိရ။ မရပ်မနားဘဲ ငါ့ကိုဆွဲဖြတ်ကြ၏။
35:16 ပွဲ၌ခစားတတ်သော လူဆိုးတို့နှင့်အတူ ငါ့ကို အံသွားခဲကြိတ်ကြ၏။
35:17 အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံးကြည့်ရှု၍ နေတော်မူမည်နည်း။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှလည်းကောင်း၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှလည်းကောင်း ကယ်လွှတ်တော်မူပါ။
35:18 ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကို ချီးမွမ်းပါမည်။
35:19 မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်းမရှိဘဲ အကျွန်ုပ်ကိုမုန်းသော သူတို့လည်း မျက်စိစွေပြခြင်းကို မပြုကြပါစေနှင့်။
35:20 အကြောင်းမူကား၊ သူတို့သည် အမှုငြိမ်းစေသော စကားကို မပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည်သားတို့တစ်ဖက်၌ လျှို့ဝှက်သောအမှုများကို ကြံစည်ကြပါ၏။
35:21 အကျွန်ုပ်ကိုပါးစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့်မြင်ရပြီဟု ဆိုကြပါ၏။
35:22 အိုထာဝရဘုရား၊ ကိုယ်တော်သည် သိမြင်တော်မူ၏။ အိုဘုရားရှင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။
35:23 အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၌ရောက်သောအမှုကို စီရင်တော်မူမည်အကြောင်း ကိုယ်ကိုနှိုးဆော်၍ ထတော်မူပါ။
35:24 အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ၊ အကျွန်ုပ်အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုနိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်။
35:25 အဲ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေနှင့်။ ငါတို့သည် သူ့ကိုမျိုပြီဟု၊ မပြောကြပါစေနှင့်။
35:26 အကျွန်ုပ်၌ ဘေးရောက်သည်အကြောင်းကို ဝမ်းမြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်တစ်ဖက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။
35:27 အကျွန်ုပ်၏ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့သည် ရွှင်လန်းစွာသီချင်းဆို၍ ဝမ်းမြောက်ကြပါစေသော။ မိမိကျွန်၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီးတော်မူစေသတည်းဟု၊ သူတို့သည် အစဉ်မပြတ် မြွက်ဆိုကြပါစေသော။
35:28 အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကို မြွက်ဆို၍ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။