Psalms 37
37:1 လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားသဖြင့် ပြုသောသူတို့ကို မငြူစူနှင့်။
37:2 အကြောင်းမူကား၊ သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ၍၊ စိမ်းသောပျိုးပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။
37:3 ထာဝရဘုရားကို ခိုလှုံ၍၊ ကောင်းသောအကျင့်ကို ကျင့်လော့။ ပြည်တော်၌နေ၍၊ သစ္စာတရားကို ကျက်စားလော့။
37:4 ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။
37:5 ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်။
37:6 သင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်းကဲ့သို့လည်းကောင်း၊ တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင်ခြည် ကဲ့သို့လည်းကောင်း၊ ဖော်ပြတော်မူမည်။
37:7 ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ၏အကြောင်းကြောင့် စိတ်မပူနှင့်။
37:8 အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှာ တိုက်တွန်းတတ်သောစိတ် မရှိစေနှင့်။
37:9 ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။
37:10 ခဏကြာပြီးမှ၊ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။
37:11 စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကိုအမွေခံ၍၊ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။
37:12 မတရားသောသူသည် ဖြောင့်မတ်သောသူတစ်ဖက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။
37:13 သို့သော်လည်း သူ၏နေ့ရက်အချိန်ရောက်မည်ကို ဘုရားရှင်သိမြင်၍၊ သူ့ကိုပြုံးရယ်တော်မူ၏။
37:14 မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်စွာကျင့်သောသူတို့ကို သတ်ခြင်းငှာလည်းကောင်း၊ ဓားကိုထုတ်လျက်၊ လေးကိုတင်လျက် နေတတ်ကြ၏။
37:15 သို့သော်လည်း၊ သူတို့ဓားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည်။ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်။
37:16 ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသောဥစ္စာထက် သာ၍ကျေးဇူးရှိ၏။
37:17 အကြောင်းမူကား၊ မတရားသောသူ၏လက်ရုံးသည် ကျိုးရလိမ့်မည်။ ဖြောင့်မတ်သောသူကိုကား၊ ထာဝရဘုရား မစတော်မူ၏။
37:18 ဖြောင့်မတ်သောသူတို့၏နေ့ရက်ကာလကို ထာဝရဘုရား သိမှတ်တော်မူ၍၊ သူတို့၏အမွေဥစ္စာသည် အစဉ်အမြဲ တည်လိမ့်မည်။
37:19 သူတို့သည် ခဲယဉ်းသောကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည်ကာလ၌ ဝစွာစားရကြ၏။
37:20 မတရားသောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြမည်။ ထာဝရဘုရား၏ရန်သူတို့သည် ကျက်စားရာအရပ်၏ အသရေကဲ့သို့ဆုံး၍၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်။
37:21 မတရားသောသူသည်ချေးငှား၍ မဆပ်ဘဲနေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ သနားသောစိတ်ရှိ၍ ပေးတတ်၏။
37:22 ကောင်းချီးပေးတော်မူခြင်းကို ခံရသောသူသည် ပြည်တော်ကို အမွေခံရလိမ့်မည်။ ကျိန်တော်မူခြင်းကို ခံရသောသူမူကား၊ ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
37:23 ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။
37:24 ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။
37:25 ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။
37:26 သူသည် အစဉ်သနားသောစိတ်ရှိသည်နှင့်၊ သူတစ်ပါးတို့အား ချေးငှားတတ်သည်ဖြစ်၍၊ သူ၏သားမြေးတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြ၏။
37:27 ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကို ပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်။
37:28 ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။ မတရားသောသူ၏သားမြေးတို့မူကား၊ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။
37:29 ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။
37:30 ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကိုမြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသောစကားကို ပြောဆိုတတ်၏။
37:31 ထာဝရဘုရား၏တရားတော်သည် သူ၏စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။
37:32 မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှာ ရှာကြံတတ်၏။
37:33 သို့သော်လည်း၊ ထာဝရဘုရားသည် ထိုသူ၏လက်၌ ဖြောင့်မတ်သောသူကို စွန့်ပစ်တော်မူမည် မဟုတ်။ အစစ်ခံရသောအခါ အပြစ်စီရင်တော်မူမည် မဟုတ်။
37:34 ထာဝရဘုရားကို မျှော်လင့်၍၊ လမ်းတော်ကို လျှောက်သွားလော့။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။
37:35 မတရားသောသူသည် အစိုးတရပြု၍၊ ပေါက်ရင်းအရပ်မှာ ကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့၊ ကိုယ်ကိုကိုယ်ပြန့်ပွားစေသည်ကို ငါမြင်ရသော်လည်း၊
37:36 နောက်တစ်ဖန်သူသည် ရွေ့သွား၍ ကွယ်ပျောက်၏။ သူ့ကိုလည်း ငါရှာ၍မတွေ့ရ။
37:37 စုံလင်ခြင်းတရားကို စောင့်ရှောက်လော့။ ဖြောင့်မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။
37:38 ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ မတရားသောသူတို့သည် အဆုံး၌ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။
37:39 ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။
37:40 ထာဝရဘုရားသည် သူတို့ကိုမစကယ်တင်တော်မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့လက်မှ နုတ်ယူကယ်တင်တော်မူမည်။