Psalms 36
36:1 ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်းသည် မတရားသောသူ၏ မျက်စိ၌မထင်ဟု၊ ထိုသူပြုတတ်သော ဒုစရိုက်ကို ငါထောက်၍ သဘောကျ၏။
36:2 သူ၏အပြစ်ကို တွေ့တော်မမူ၊ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသော အယောင်ကို ဆောင်တတ်၏။
36:3 သူပြောသောစကားသည် အဓမ္မစကား၊ လှည့်စားသောစကားဖြစ်၏။ ကောင်းသောအကျင့်ကို ကျင့်စေတတ်သောပညာကို စွန့်လေပြီ။
36:4 အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည်တတ်၏။ မကောင်းသောလမ်းသို့ အမြဲလိုက်၍၊ ဆိုးယုတ်သောအကျင့်ကို ရွံရှာခြင်းမရှိ။
36:5 အိုထာဝရဘုရား၊ ကရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏။
36:6 ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာသောတောင်ရိုးနှင့် တူပါ၏။ တရားစီရင်တော်မူချက်တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော်မူ၏။
36:7 အိုဘုရားသခင်၊ ကရုဏာတော်သည် အလွန်မြတ်နိုးဖွယ်ဖြစ်ပါ၏။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ၏။
36:8 အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက်နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်းငှာ အခွင့်ပေးတော်မူ၏။
36:9 အကြောင်းမူကား၊ ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏။
36:10 ကိုယ်တော်ကို သိသောသူတို့အား၊ ကရုဏာတော်ကိုလည်းကောင်း၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ်တော်မူခြင်း တရားကိုလည်းကောင်း တည်မြဲတည်စေတော်မူပါ။
36:11 မာန၏ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့်။ မတရားသောသူတို့သည် အကျွန်ုပ်ကို နေရာမရွေ့ကြပါစေနှင့်။
36:12 ဒုစရိုက်ကို ပြုသောသူတို့သည် ထိုအရပ်၌ပင် လဲလျက်နေရကြပါ၏။ လှဲခြင်းကိုခံရသောကြောင့်၊ တစ်ဖန်ထခြင်းငှာ မတတ်နိုင်ကြပါ။