Psalms 39
39:1 ငါသည်စကားဖြင့်မျှ မပြစ်မှားမည်အကြောင်း၊ ကိုယ်အကျင့်ကို သတိပြုမည်။ မတရားသောသူသည် ငါ့ရှေ့မှာရှိစဉ်၊ ငါသည်ကိုယ်နှုတ်ကို ချည်နှောင်မည်ဟု ငါပြောထား၏။
39:2 စကားမပြောဘဲ အလျက်နေ၏။ ကောင်းသောအရာကိုပင် မပြော။ ထိုသို့နေစဉ်၊ ငါသည် စိတ်ညစ်ညူးခြင်းရှိ၏။
39:3 ကိုယ်အထဲမှာ နှလုံးပူဆွေးခြင်းရှိ၏။ ငါညည်းတွားစဉ်၊ မီးလောင်လေ၏။ ထိုအခါငါသည် နှုတ်မြွက်၏။
39:4 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်ပျက်တတ်သော သဘောကို သိရပါမည်အကြောင်း၊ အကျွန်ုပ်၏ လမ်းဆုံးကိုလည်းကောင်း၊ အကျွန်ုပ်၏ အသက်အပိုင်းအခြားကိုလည်းကောင်း သိစေတော်မူပါ။
39:5 အကျွန်ုပ်အသက်တာကို တစ်မိုက်မျှသာ ခန့်ထားတော်မူပြီ။ အကျွန်ုပ်အရွယ်သည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်ပါ၏။ အကယ်စင်စစ်လူမည်သည်ကား၊ လူ၏အထွဋ်သို့ ရောက်သော်လည်း၊ အနတ္တသက်သက်ဖြစ်ပါ၏။
39:6 အကယ်စင်စစ်လူသည် အရိပ်၌သာ ကျင်လည်ပါ၏။ အကယ်စင်စစ် လူတို့သည် အကျိုးမဲ့ ပင်ပန်းကြပါ၏။ ဥစ္စာကိုဆည်းပူးသော်လည်း အဘယ်သူရအံ့သည်ကို မသိရပါ။
39:7 ယခုမူကား၊ အကျွန်ုပ်သည် အဘယ်သို့ မျှော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား၊ ကိုယ်တော်၌သာ မျှော်လင့်စရာအကြောင်းရှိပါ၏။
39:8 ပြစ်မှားမိသမျှသောအပြစ်တို့မှ အကျွန်ုပ်ကို လွှတ်တော်မူပါ။ မိုက်သောသူတို့၏ ကဲ့ရဲ့ခြင်းကို ခံစေတော်မမူပါနှင့်။
39:9 ကိုယ်တော်စီရင်တော်မူရာ ဖြစ်သောကြောင့်၊ အကျွန်ုပ်ပြောစရာမရ။ နှုတ်ကို မဖွင့်ဘဲနေရပါ၏။
39:10 အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်ဦး။ လက်တော်အောက်၌ ဆုံးမခြင်းကိုခံရ၍ အားကုန်ပါပြီ။
39:11 ကိုယ်တော်သည် လူတို့အပြစ်ကြောင့် ဆုံးမ၍ ဒဏ်ခတ်တော်မူလျှင်၊ ပိုးရွဖျက်တတ်သကဲ့သို့၊ လူတို့၏ တင့်တယ်ခြင်းအသရေကို ပြယ်ပျောက်စေတော်မူ၏။ အကယ်စင်စစ် လူခပ်သိမ်းတို့သည် အနတ္တသက်သက် ဖြစ်ကြပါ၏။
39:12 အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းခြင်းပတ္ထနာကို ကြားတော်မူပါ။ အကျွန်ုပ် အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ အကျွန်ုပ်မျက်ရည်ကို ကြည့်၍ နေတော်မမူပါနှင့်။ ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဖူးသကဲ့သို့၊ အကျွန်ုပ်သည် ရှေ့တော်၌ ဧည့်သည်အာဂန္တုဖြစ်၏။
39:13 အကျွန်ုပ်သည် ရွေ့သွား၍မပျောက်မီတွင် သက်သာရမည်အကြောင်း၊ မျက်နှာလွှဲတော်မူပါ။