Psalms 40
40:1 ငါသည် ထာဝရဘုရားကို စေ့စေ့မျှော်လင့်သည်ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။
40:2 ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲက ငါ့ကိုဆယ်နုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာတင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏။
40:3 ထိုသို့ ငါတို့ဘုရားသခင်ကို ချီးမွမ်းရာသီချင်းသစ်ကို ငါမြွက်ဆိုစေခြင်းငှာ အခွင့်ပေးတော်မူ၏။ လူများတို့သည် သိမြင်၍ ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရားကို ကိုးစားကြလိမ့်မည်။
40:4 မာနထောင်လွှားသောသူနှင့် မိစ္ဆာတရားလမ်းသို့ လွှဲသွားသော သူတို့ကို မမှီဝဲ၊ ထာဝရဘုရားကို ကိုးစားသောသူသည် မင်္ဂလာရှိ၏။
40:5 အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့အဖို့ ပြုတော်မူသော အံ့ဩဖွယ်အမှုတို့နှင့် ကြံစည်တော်မူသော အကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်း လျှောက်၍မကုန်နိုင်ပါ။ အကျွန်ုပ် ထုတ်ဖော်ကြားပြောမည်ဟု ဆိုသော်၊ ရေတွက်၍ မကုန်နိုင်အောင်များလှပါ၏။
40:6 ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော်မမူသောအခါ၊
40:7 ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုအမှတ်ပြု၍ ရေးထားသည်နှင့်အညီ၊ အကျွန်ုပ်သည်သွားပါမည်ဟု ဝန်ခံပါ၏။
40:8 အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကို ဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။
40:9 ဖြောင့်မတ်ခြင်းတရားကို ပရိတ်သတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်နှုတ်ကိုပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏။
40:10 ဖြောင့်မတ်စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲမှာ ဝှက်၍မထားပါနှင့်။ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြောပါပြီ။ ကရုဏာတော်နှင့် သစ္စာတော်ကို ပရိသတ်ကြီးအလယ်မှာ မထိမ်မဝှက်ပါ။
40:11 အိုထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက်တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်။ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော။
40:12 အကြောင်းမူကား၊ အတိုင်းမသိ များစွာသောဘေးဥပဒ်တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ။ အကျွန်ုပ်မျှော်၍ မကြည့်နိုင်အောင် ခံရသောအပြစ်တို့သည် အကျွန်ုပ်ကိုမီကြပါပြီ။ အကျွန်ုပ်ဆံပင်ထက် များပြားသည်ဖြစ်၍၊ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ။
40:13 အိုထာဝရဘုရား၊ အကျွန်ုပ်ကိုနုတ်ယူခြင်းငှာ အလိုရှိတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ပြုတော်မူပါ။
40:14 အကျွန်ုပ်အသက်ကို သတ်ခြင်းငှာ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။
40:15 အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေသော။
40:16 ကိုယ်တော်ကိုရှာသောသူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့သည် ထာဝရဘုရားဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော။
40:17 အကျွန်ုပ်မူကား၊ ဆင်းရဲငတ်မွတ်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကိုအောက်မေ့တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင်သောသူဖြစ်တော်မူ၏။ အကျွန်ုပ်၏ဘုရားသခင်၊ ဆိုင်းလင့်တော်မမူပါနှင့်။