Psalms 42
42:1 သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။
42:2 ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ၏။ အဘယ်ကာလမှ ဘုရားသခင့်ထံတော်သို့ ရောက်၍ မျက်နှာပြရအံ့နည်း။
42:3 သူတစ်ပါးတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကို အစဉ်ပြောဆိုကြသဖြင့်၊ ငါ့မျက်ရည်သည် နေ့ညမပြတ် ငါစားစရာဖြစ်ရ၏။
42:4 ထိုအခြင်းအရာကို ငါအောက်မေ့၍ နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည် လူစုများနှင့် ပေါင်းဖော်လျက်၊ ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံသောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညင်းစွာ သွားလှလေပြီ။
42:5 အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မျှော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း။
42:6 အကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာ ညှိုးငယ်လျက်ရှိပါ၏။ အကြောင်းမူကား၊ ယော်ဒန်မြစ်ကမ်း၊ ဟေရမုန်တောင်ရိုး၊ မိဇရကုန်းပေါ်မှာ ကိုယ်တော်ကို အကျွန်ုပ်အောက်မေ့ပါ၏။
42:7 ရေဘွေတော်များအသံဗလံနှင့်တကွ ဝဲဩဃ တစ်ခုကိုတစ်ခု ဟစ်ခေါ်၍ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်ကို လွှမ်းမိုးကြပါပြီ။
42:8 သို့သော်လည်း၊ ထာဝရဘုရားသည် နေ့အခါ သနားခြင်းကျေးဇူးတော်ကို ပေးချတော်မူ၏။ ညအခါ၌လည်း ဂုဏ်တော်ကို သီချင်းဆိုလျက်၊ ငါ့၏အသက်သခင်ကို ပတ္ထနာပြုလျက် ငါနေ၏။
42:9 အကျွန်ုပ်ကို အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ၍၊ အကျွန်ုပ်သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ်ကြောင့် နေရပါသနည်းဟု ငါ၏ကျောက်ဖြစ်သော ဘုရားသခင်ကို ငါလျှောက်ရ၏။
42:10 ငါ့ရန်သူတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့်၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။
42:11 အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မျှော်လင့်လျက်နေလော့။ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း။