Psalms 41
41:1 ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရဘုရား ကယ်နုတ်တော်မူမည်။
41:2 ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်းသာပေးတော်မူသဖြင့်၊ ထိုသူသည် ပြည်တော်၌ ကောင်းချီးမင်္ဂလာကို ခံရလိမ့်မည်။ ထိုသူကို ရန်သူတို့အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ။
41:3 သူသည်နာဖျား၍ တုံးလုံးနေသောအခါ၊ ထာဝရဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်။
41:4 ငါလျှောက်ဆိုရသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်ကို သနားတော်ပါ။ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားမိသည်ဖြစ်၍၊ အကျွန်ုပ်၌ စိတ်ဝိညာဉ်၏အနာကို ပျောက်စေတော်မူပါဟု လျှောက်ဆို၏။
41:5 ငါ့ရန်သူတို့က၊ သူသည်သေ၍ သူ၏နာမသည် အဘယ်ကာလမှ တိမ်မြုပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို၍ ဆိုတတ်ကြ၏။
41:6 ငါ့ကို ကြည့်လာသောသူသည် မုသားစကားကို ပြောတတ်၏။ သူ၏နှလုံးသည်လည်း မကောင်းသောအကြံကို ဆည်းပူးသည်နှင့်၊ ထွက်သွားသောအခါ ထုတ်ဖော်ပြောတတ်၏။
41:7 ငါ့ကိုမုန်းသော သူအပေါင်းတို့သည် ငါ့ကိုရန်ဘက်ပြု၍၊ တစ်ယောက်နှင့်တစ်ယောက် တိုးတိုးပြောလျက်၊ ငါ၌မကောင်းသောအကြံကို ကြံစည်တတ်ကြ၏။
41:8 သူ၌ အဓမ္မအမှုအရာစွဲကပ်သည်ဖြစ်၍၊ တစ်ခါလဲလျှင် နောက်တစ်ဖန်မထရဟု ဆိုကြ၏။
41:9 အကယ်စင်စစ် ငါယုံ၍၊ ငါ့မုန့်ကိုစားသော အဆွေခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း။
41:10 အိုထာဝရဘုရား၊ သူတို့အပြစ်ကို အကျွန်ုပ်ဆပ်ပေးနိုင်မည်အကြောင်း၊ အကျွန်ုပ်ကို သနား၍ ထမြောက်စေတော်မူပါ။
41:11 အကျွန်ုပ်၏ရန်သူသည် အကျွန်ုပ်အား မနိုင်ကြောင်းကိုထောက်၍၊ ကိုယ်တော်သည် အကျွန်ုပ်ကိုမြတ်နိုးတော်မူသည်ဟု သိရပါ၏။
41:12 ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်စုံလင်ခြင်းအရာ၌မစ၍၊ ကာလအစဉ်အဆက် ရှေ့တော်ထဲမှာ နေရာပေးတော်မူလတ္တံ့။
41:13 ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။