Psalms 49
49:1 လူများအပေါင်းတို့၊ ကြားကြလော့။ ခပ်သိမ်းသော လောကသား၊
49:2 အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသောသူတို့၊ တညီတညွတ်တည်း နားထောင်ကြလော့။
49:3 ငါ့နှုတ်သည် ပညာကိုမြွက်ဆိုမည်။ ငါ့နှလုံးသည် ဉာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။
49:4 ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသောအရာကို စောင်းတီး၍ ဖွင့်ပြပေအံ့။
49:5 ခဲယဉ်းဆိုးယုတ်သောကာလ၌ ငါ၏အရာတို့ကို လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ကိုဝိုင်းသော်လည်း၊ ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း။
49:6 ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍၊ ကိုယ်စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း၊
49:7 မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌ မပေးနိုင်။
49:8 သူတို့အသက်ဝိညာဉ်၏ ရွေးရန်အဖိုးကြီးလှပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျက်နေရမည်။
49:9 ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏။ ပုပ်စပ်ခြင်းသို့ မရောက်ရာ။
49:10 ထင်ရှားသောအရာဟူမူကား၊ ပညာရှိသောသူတို့သည် သေတတ်ကြ၏။ ထိုအတူ မိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသော သူတို့သည် ပျက်စီးခြင်းသို့ရောက်၍၊ မိမိတို့ဥစ္စာကို သူတစ်ပါးတို့၌ ချန်ထားကြ၏။
49:11 မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်။ မိမိတို့နေရာလည်း လူမျိုးအစဉ်အဆက် တည်လိမ့်မည်။ မိမိတို့နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့စိတ်ထင်ရှိကြ၏။
49:12 သို့ရာတွင် လူသည်ဂုဏ်အသရေ၌ မတည်မနေတတ်။ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။
49:13 ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ကိုးစားရာဖြစ်၍၊ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက်တတ်ကြ၏။
49:14 ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ချထား၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မီ ဖြောင့်မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာသည် ဖောက်ပြန်ဖို့ရာဖြစ်၏။ မရဏာနိုင်ငံသည် သူတို့၏နေရာဖြစ်၏။
49:15 ငါ့ကိုမူကား၊ ဘုရားသခင်သိမ်းယူတော်မူသောကြောင့်၊ ငါ၏ဝိညာဉ်ကို မရဏာနိုင်ငံ၏တန်ခိုးမှ ရွေးတော်မူမည်။
49:16 သူတစ်ပါးသည် ဥစ္စာကြွယ်ဝ၍၊ အိမ်၏ဂုဏ်အသရေတိုးပွားသောအခါ သင်သည် မစိုးရိမ်နှင့်။
49:17 ထိုသူသည် သေသောအခါ၊ အဘယ်ဥစ္စာမျှ မပါရ။ သူ၏ဂုဏ်အသရေသည် သူ့နောက်သို့ မဆင်းသက်ရ။
49:18 ထိုသူသည် အသက်ရှင်စဉ်အခါ၊ မိမိဝိညာဉ်ကို ကောင်းချီးပေးတတ်၏။ မိမိအကျိုးကို ပြုစုသောအခါ သူတစ်ပါးတို့သည် ချီးမွမ်းတတ်ကြ၏။
49:19 သို့သော်လည်း၊ သူသည် သူ၏ဘိုးဘေးအမျိုးရှိရာသို့ သွားရလိမ့်မည်။ ကာလအစဉ်အဆက် သူတို့သည် အလင်းကို မမြင်ရကြ။
49:20 ဂုဏ်အသရေနှင့် ပြည့်စုံလျက် ပညာသတိမရှိသောသူသည်ကား၊ ပျက်စီးခြင်းသို့ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။