Psalms 50
50:1 တန်ခိုးကြီးသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ၏။ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် မြေကြီးကို ခေါ်တော်မူ၏။
50:2 အသရေတင့်တယ်ခြင်းပြည့်စုံရာ ဇိအုန်တောင်ပေါ်မှာ ဘုရားသခင်၏ရောင်ခြည်တော်သည် ထွန်းပ၏။
50:3 ငါတို့၏ ဘုရားသခင် ကြွလာတော်မူ၏။ တိတ်ဆိတ်စွာ နေတော်မမူ။ ရှေ့တော်၌မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုးသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏။
50:4 မိမိလူတို့ကို စစ်ကြောစီရင်ခြင်းအလိုငှာ အထက်ကောင်းကင်ကိုလည်းကောင်း၊ မြေကြီးကိုလည်းကောင်း ခေါ်တော်မူလျက်၊
50:5 ယဇ်ပူဇော်သောအားဖြင့်၊ ငါနှင့်ပဋိညာဉ်ဖွဲ့သော ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြဟု မိန့်တော်မူ၏။
50:6 ဘုရားသခင်သည် ကိုယ်တော်တိုင် တရားဆုံးဖြတ်တော်မူသည်ဖြစ်၍၊ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာ ပြကြလိမ့်မည်။
50:7 ငါ၏လူများတို့ နားထောင်ကြ။ ငါပြောမည်။ အိုဣသရေလအမျိုး၊ သင့်တစ်ဖက်၌ ငါသက်သေခံမည်။ ငါသည် ဘုရားသခင်ဖြစ်၏။ သင်၏ဘုရားသခင်ဖြစ်၏။
50:8 မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်းအမျိုးမျိုးအတွက် ငါသည် သင်၌အပြစ်မတင်။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ၏။
50:9 သင့်အိမ်ထဲက နွားကိုလည်းကောင်း၊ သင့်ခြံထဲက ဆိတ်ထီးကိုလည်းကောင်း ငါမခံမယူ။
50:10 တောတိရစ္ဆာန်ရှိသမျှတို့နှင့် တစ်ထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။
50:11 တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ကို ငါသိ၏။ တောသားရဲတို့သည် ငါ၌ရှိကြ၏။
50:12 ငါသည် ငတ်မွတ်လျှင် သင့်ကိုမပြော။ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏။
50:13 နွားသားကို ငါစားမည်လော။ ဆိတ်သွေးကို ငါသောက်မည်လော။
50:14 ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း၊ အမြင့်ဆုံးသောအရာ၌ သစ္စာဝတ်ကိုဖြေလော့။
50:15 အမှုရောက်သည်ကာလ၌ ငါ့ကိုပတ္ထနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူ၏။
50:16 မတရားသောသူကိုကား၊ သင်သည် ငါ၏အထုံးအဖွဲ့တို့ကို ကြားပြော၍ ငါ၏ပဋိညာဉ်တရားကို မြွက်ဆိုခြင်းငှာ အဘယ်သို့ဆိုင်သနည်း။
50:17 ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ ငါ့စကားကို သင့်နောက်၌ ပစ်ထားပါသည်တကား။
50:18 သင်သည် သူခိုးကိုမြင်လျှင်၊ သူနှင့် သဘောတူတတ်၏။ သူ့မယားကို ပြစ်မှားသောသူတို့နှင့် ဆက်ဆံတတ်၏။
50:19 သင်၏နှုတ်ကိုဒုစရိုက်၌အပ်နှံ၍၊ သင်၏လျှာဖြင့် မုသားကို စီရင်တတ်၏။
50:20 သင်သည်ထိုင်လျက်၊ ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏။ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏။
50:21 ထိုသို့ကျင့်၍ ငါသည်တိတ်ဆိတ်စွာနေသောကြောင့်၊ ငါ့ကို သင်နှင့်တူသည်ဟု ထင်လေပြီတကား။ သင်၏အပြစ်ကို ငါဖော်ပြ၍၊ သင့်မျက်မှောက်၌ ခင်းထားမည်။
50:22 ဘုရားသခင်ကို မေ့လျော့သောသူတို့၊ ဤအမှုကို ဆင်ခြင်ကြလော့။ သို့မဟုတ် သင်တို့ကို ကယ်နုတ်သောသူမရှိ။ ငါသည် အပိုင်းပိုင်းဆွဲဖြတ်မည်။
50:23 ကျေးဇူးချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ငါပြမည်ဟု ဘုရားသခင်မိန့်တော်မူ၏။