Psalms 62
62:1 အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါ့ကို ကယ်တင်ခြင်းအကြောင်းသည် အထံတော်က သက်ရောက်ရ၏။
62:2 အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကိုကယ်တင်ခြင်းအကြောင်း၊ ငါ့ခိုလှုံရာဖြစ်တော်မူ၍၊ ငါ၌ လှုပ်ရှားခြင်းများစွာ မရှိရာ။
62:3 သင်တို့သည် အဘယ်မျှကာလပတ်လုံး တစ်ယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသောအုတ်ရိုး၊ လှုပ်သော ထရံကဲ့သို့မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက်ကြမည်နည်း။
62:4 ထိုသူကို မြင့်သောအရပ်က လှဲခြင်းငှာ ကြံစည်လျက်နေကြ၏။ မုသားကိုနှစ်သက်ကြ၏။ နှုတ်ဖြင့်ကား၊ ကောင်းချီးကိုပေးလျက်၊ နှလုံး၌ကား၊ ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏။
62:5 အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါမျှော်လင့်ခြင်းအကြောင်းသည် အထံတော်က သက်ရောက်ရ၏။
62:6 အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာဖြစ်တော်မူ၍၊ ငါသည် လှုပ်ရှားခြင်းမရှိရာ။
62:7 ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ၏ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း။ ငါ့ကို အားပေးသောကျောက်၊ ငါခိုလှုံရာကား ဘုရားသခင်ပေတည်း။
62:8 အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ခိုလှုံရာ ဖြစ်တော်မူ၏။
62:9 အကယ်စင်စစ် ယုတ်ညံ့သောသူတို့သည် အနတ္တ၊ အသရေရှိသောသူတို့သည် မုသားဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက်သာ၍ပေါ့ကြ၏။
62:10 ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့်။ အနိုင်အထက်လုယူ၍ မဝါကြွားကြနှင့်။ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့်။
62:11 ဘုရားသခင်သည် တစ်ကြိမ် ဗျာဒိတ်ပေးတော်မူပြီ။ နှစ်ကြိမ်မြောက် ငါကြားရသော ဗျာဒိတ်တော်ဟူမူကား၊ တန်ခိုးသည် ဘုရားသခင်၌ရှိ၏။
62:12 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။