Psalms 63
63:1 အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သောလွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏။ အကျွန်ုပ်၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ၏။
63:2 ဘုန်းတန်ခိုး အာနုဘော်တော်ကိုမြင်ခြင်းငှာ၊ သန့်ရှင်းရာဌာနတော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ။
63:3 ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့်၊ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။
63:4 ထိုသို့ အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းချီးပေးပါမည်။ နာမတော်ကို အမှီပြုလျက် လက်ကိုချီပါမည်။
63:5 အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍၊ ညဥ့်ယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက်နေသောအခါ၊ ဆီဥကိုလည်းကောင်း၊ ဆူသောအသားကိုလည်းကောင်း စား၍ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည်ဝ၍ ရွှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။
63:7 အကျွန်ုပ်ကို မစတော်မူသောကြောင့်၊ အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။
63:8 အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၌မှီဝဲ၍၊ လက်ယာလက်တော်သည် အကျွန်ုပ်ကို ထောက်မတော်မူ၏။
63:9 အကျွန်ုပ်အသက်ကို ဖျက်ဆီးခြင်းငှာရှာသောသူတို့သည် မြေကြီးအောက်အရပ်သို့ ဆင်းရကြမည်။
63:10 ဓားဘေးဖြင့်ဆုံး၍၊ မြေခွေးစားရန် ဖြစ်ရကြလိမ့်မည်။
63:11 ရှင်ဘုရင်မူကား၊ ဘုရားသခင်၌ ဝမ်းမြောက်လိမ့်မည်။ ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။ မုသားစကားကို ပြောသောသူတို့၏နှုတ်မူကား ပိတ်လျက်ရှိလိမ့်မည်။