Psalms 66
66:1 မြေကြီးသားအပေါင်းတို့၊ ဘုရားသခင့်ရှေ့တော်၌ ကျူးဧသောအသံကိုပြု၍၊
66:2 နာမတော်၏ဂုဏ်ကို သီချင်းဆိုကြလော့။ ချီးမွမ်းခြင်း၏ ဂုဏ်အသရေကိုပြကြလော့။
66:3 ကိုယ်တော်စီရင်သော အမှုတို့သည် အလွန်အံ့ဩဖွယ် ဖြစ်ကြပါ၏။ တန်ခိုးတော်ကြီးသောကြောင့်၊ ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြပါလိမ့်မည်။
66:4 မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်ကို ကိုးကွယ်၍၊ သီချင်းဆိုကြပါစေသော။ နာမတော်အား သီချင်းဆိုကြပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့။
66:5 ဘုရားသခင် စီရင်တော်မူသောအမှုတော်ကို လာ၍ ကြည့်ကြလော့။ လူသားတို့တွင် စီရင်တော်မူသော အမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြ၏။
66:6 ပင်လယ်ကို ကုန်းဖြစ်စေတော်မူ၏။ သူတို့သည် ရေစီးရာအရပ်ကို ခြေဖြင့်လျှောက်သွားကြသည်ဖြစ်၍၊ ငါတို့သည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။
66:7 တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ၏။ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည်ဖြစ်၍၊ ငြင်းဆန်သောသူတို့သည် မဝါကြွားကြစေနှင့်။
66:8 အချင်းလူစုတို့၊ ငါတို့ ဘုရားသခင်ကို ကောင်းချီးပေးကြလော့။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသော စကားသံနှင့် ကြွေးကြော်ကြလော့။
66:9 ငါတို့အသက်ကို မသေစေမည်အကြောင်းနှင့် ခြေကိုလည်း မချော်စေမည်အကြောင်း စောင့်မတော်မူ၏။
66:10 အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ။ ငွေကိုစစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ။
66:11 ကျော့ကွင်းထဲမှာ ကျော့မိစေ၍၊ ကျောကုန်းပေါ်မှာ လေးသောဝန်ကို တင်တော်မူပြီ။
66:12 အကျွန်ုပ်တို့ခေါင်းပေါ်မှာ သူတစ်ပါးကိုစီးစေတော်မူပြီ။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း သွားရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏။
66:13 မီးရှို့ရသောယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်။
66:14 ဆင်းရဲခံရစဉ်အခါ၊ အကျွန်ုပ်သည် နှုတ်ကိုဖွင့်၍ မြွက်ဆိုသည်အတိုင်း၊ သစ္စာဝတ်ကို ဖြေပါမည်။
66:15 ဆူဖြိုးသောသိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာယဇ်ပြု၍ ပူဇော်ပါမည်။ နွားနှင့် ဆိတ်တို့ကိုလည်း စီရင်ပါမည်။
66:16 ဘုရားသခင်ကို ကြောက်ရွံ့သောသူအပေါင်းတို့၊ လာ၍ နားထောင်ကြလော့။ ငါ့ဝိညာဉ်အဖို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်။
66:17 ငါသည် ဘုရားသခင်ကို နှုတ်နှင့်အော်ဟစ်၍၊ ဂုဏ်တော်ကိုလည်း လျှာနှင့်ချီးမွမ်းရပြီ။
66:18 ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကိုငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။
66:19 ယခုမူကား၊ ဘုရားသခင်သည် နားထောင်၍၊ ငါမြွက်ဆိုသော ပတ္ထနာစကားသံကို မှတ်တော်မူပြီ။
66:20 ငါမြွက်ဆိုသော ပတ္ထနာကိုပယ်တော်မမူ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။