Psalms 68
68:1 ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသောသူတို့သည် အထံတော်က ပြေးကြပါစေသော။
68:2 မီးခိုးလွှင့်သကဲ့သို့ သူတို့ကိုလွှင့်တော်မူပါ။ ဖယောင်းသည် မီးရှေ့မှာအရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။
68:3 ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသောစိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာ ကြပါစေသော။
68:4 ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်း ဆိုကြလော့။ သဲကန္တာရတစ်လျောက်စီး၍ ကြွတော်မူသောအရှင်ဖို့ လမ်းကိုပြင်ကြလော့။ ထိုအရှင်၏နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။
68:5 ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏အဘဖြစ်၍၊ မုဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။
68:6 ဘုရားသခင်သည် ပေါက်ဖော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသောသူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သောသူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။
68:7 အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာကြွ၍၊ တော၌ချီတော်မူသောအခါ၊
68:8 ဘုရားသခင်၏မျက်နှာတော်ကြောင့်၊ မြေကြီးလှုပ်၍ မိုးကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။
68:9 အိုဘုရားသခင်၊ ကိုယ်တော်သည် မိုးကိုများစွာရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။
68:10 ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသောသူတို့အဖို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။
68:11 ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။
68:12 စစ်အင်္ဂါဗိုလ်ခြေသခင် ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။
68:13 သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွမ်းမံသော ချိုးငှက်အတောင်ကဲ့သို့လည်းကောင်း၊ နီသောရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့လည်းကောင်း၊ ဖြစ်ကြလိမ့်မည်။
68:14 အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုးပွင့်ကဲ့သို့ ဖြစ်လေ၏။
68:15 ဘုရားသခင်၏တောင်တည်းဟူသော ဗာရှန်တောင်၊ မြင့်သောထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့၊
68:16 သင်တို့သည် မြင့်သောတောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှာ အလိုရှိတော်မူသောတောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသောတောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။
68:17 ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။
68:18 ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကိုဖမ်းသွားတော်မူ၍၊ ထာဝရအရှင်ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဖို့မက၊ ပုန်ကန်သော လူတို့အဖို့ ဆုလာဘ်များကို ခံရတော်မူပြီ။
68:19 ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့ကို သူတစ်ပါးညှဉ်းဆဲသောအခါ၊ ဘုရားသခင် ကယ်တင်တော်မူ၏။
68:20 ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သောဘုရားဖြစ်တော်မူ၏။ ဘုရားရှင် ထာဝရဘုရားသည် သေခြင်းသို့ ရောက်သောလမ်းကိုလည်း အစိုးပိုင်တော်မူ၏။
68:21 ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကိုလည်းကောင်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကိုလည်းကောင်း ဧကန်အမှန် နှိပ်စက်တော်မူမည်။
68:22 သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲသောပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည်။
68:23 ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကိုနင်း၍၊ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
68:24 အို ဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။
68:25 ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကိုတီးသော အပျိုတို့သည် လိုက်သွားကြပါ၏။
68:26 ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းချီးပေးကြလော့။
68:27 အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ၏။
68:28 အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။
68:29 ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဖို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။
68:30 ကျူတောသားရဲကိုလည်းကောင်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏နွားပျိုတို့ကိုလည်းကောင်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကိုနှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။
68:31 အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံတော်သို့ အလျင်အမြန် ဆန့်ရပါစေသော။
68:32 မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
68:33 အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသောအသံဖြစ်၏။
68:34 ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုးလျက်၊ တန်ခိုးတော်လည်း မိုးတိမ်တို့တွင် ထင်ရှားလျက်ရှိသတည်း။
68:35 အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကိုပေးတော်မူသော ဘုရားပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။