Psalms 69
69:1 အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ။
69:2 ခြေနင်းရာမရှိ။ နက်လှသောရွှံ့ထဲမှာ ကျွံပါပြီ။ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သောရေထဲသို့ ရောက်ပါပြီ။
69:3 အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်းခြောက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့်၍ မျက်စိပျက်ပါပြီ။
69:4 အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက် များကြပါ၏။ မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသောသူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသောဥစ္စာကိုပင် ပြန်ပေးရပါ၏။
69:5 အိုဘုရားသခင်၊ အကျွန်ုပ်မိုက်ခြင်းအမှုကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်၏အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍ မထားရပါ။
69:6 ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မျှော်လင့်သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်။ ဣသရေလအမျိုး၏ဘုရားသခင်၊ ကိုယ်တော်ကို ရှာသောသူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ရှက်ကြောက်ခြင်းသို့ မရောက်ကြပါစေနှင့်။
69:7 ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကိုခံရပါ၏။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။
69:8 ကိုယ်ညီအစ်ကိုတို့တွင်၊ လူစိမ်းဖြစ်ခဲ့ပါပြီ။ တစ်မိတည်းသော ပေါက်ဖော်တို့တွင်၊ တစ်ကျွန်းတစ်နိုင်ငံသား ဖြစ်ခဲ့ပါပြီ။
69:9 ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။
69:10 အကျွန်ုပ်သည်ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သော အကျင့်ကြောင့်ပင် ကဲ့ရဲ့ခြင်းကို ခံရပါ၏။
69:11 လျှော်တေအဝတ်ကို ဝတ်သောအခါ၊ သူတို့သည် သရော်တတ်ကြပါ၏။
69:12 ရုံး၌ ထိုင်သောသူတို့သည် အကျွန်ုပ်တစ်ဖက်မှာပြောဆို၍၊ သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဖွဲ့၍ ဆိုတတ်ကြပါ၏။
69:13 အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏။ အိုဘုရားသခင်၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ၊ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း၊ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။
69:14 အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နုတ်တော်မူပါ။ နစ်စေတော်မမူပါနှင့်။ အကျွန်ုပ်ကို မုန်းသောသူတို့ လက်မှလည်းကောင်း၊ နက်သောရေထဲကလည်းကောင်း လွှတ်ပါစေသော။
69:15 ရေထ၍ မလွှမ်းပါစေနှင့်။ နက်နဲရာ၌ မမြုပ်ပါစေနှင့်။ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်။
69:16 အိုထာဝရဘုရား၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့်၊ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စုံမက်တော်မူခြင်းကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်ကို မျက်နှာပြတော်မူပါ။
69:17 ကိုယ်တော်၏ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ဘေးရောက်ပါပြီ။ အလျင်အမြန် နားထောင်တော်မူပါ။
69:18 အကျွန်ုပ်၏အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ။ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေးတော်မူပါ။
69:19 အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်၏ရန်သူအပေါင်းတို့သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏။
69:20 ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက်၍ အလွန်ပူဆွေးခြင်းရှိပါ၏။ သနားသောသူကို ကြည့်၍ မမြင်။ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။
69:21 အကျွန်ုပ်စားစရာဖို့ ဆေးခါးကို ကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏။
69:22 သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်လည်းကောင်း၊ ခံထိုက်သောအပြစ်သော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း ဖြစ်ပါစေ။
69:23 သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ခါးသည်လည်း အစဉ်တုန်ပါစေ။
69:24 သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော်မူ၍၊ အမျက်တော်အရှိန်သည် သူတို့ကို မီပါစေ။
69:25 သူတို့နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ သူတို့အိမ်၌နေသောသူ မရှိပါစေနှင့်။
69:26 အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသောသူကို ညှဉ်းဆဲကြပါ၏။ နာစေတော်မူသောသူတို့ကို ထပ်၍ နာစေကြပါ၏။
69:27 သူတို့အပြစ်၌ အပြစ်ကိုထပ်၍ ပေးတော်မူပါ။ ကုသိုလ်တော်နှင့် မဆိုင်ကြပါစေနှင့်။
69:28 အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကိုချေ၍၊ ဖြောင့်မတ်သောသူတို့နှင့်အတူ မရေးမမှတ်ပါစေနှင့်။
69:29 အကျွန်ုပ်မူကား၊ ဆင်းရဲငြိုငြင်ပါ၏။ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်းကျေးဇူးသည် အကျွန်ုပ်ကို ချီးမြှင့်ပါစေသော။
69:30 ငါသည် ဘုရားသခင်၏နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်။
69:31 ထာဝရဘုရားသည် ချိုနှင့်လည်းကောင်း၊ ခွာနှင့်လည်းကောင်း ပြည့်စုံသောနွားလားကို နှစ်သက်သည်ထက်၊ ထိုအကျင့်ကို သာ၍နှစ်သက်တော်မူလိမ့်မည်။
69:32 နှိမ့်ချသောသူတို့သည်မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကို ရှာသောသူတို့၏ စိတ်နှလုံးသည် အားပြည့်လိမ့်မည်။
69:33 ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်။
69:34 ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သောသတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော။
69:35 ဘုရားသခင်သည် ဇိအုန်မြို့ကိုစောင့်၍၊ ယုဒမြို့တို့ကို ပြုစုတော်မူသဖြင့်၊ ထိုသူတို့သည်နေ၍ ပိုင်ရကြလိမ့်မည်။
69:36 ကျွန်တော်မျိုး၏သားမြေးတို့သည် ထိုမြို့ကို အမွေခံရ၍၊ နာမတော်ကို ချစ်သောသူတို့သည်နေရာ ကျရကြလိမ့်မည်။