Psalms 77
77:1 ငါသည် ဘုရားသခင့်ထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ဘုရားသခင့်ထံသို့ အသံကိုလွှင့်၍ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူလိမ့်မည်။
77:2 ဘေးရောက်သည်ကာလ၌ ငါသည် ထာဝရဘုရားကို ရှာရ၏။ ညအချိန်၌ပင် လက်ကိုဆန့်လျက်နေရ၏။ ငါ့ဝိညာဉ်သည် သက်သာခြင်းကို ငြင်းပယ်၏။
77:3 ဘုရားသခင်ကို အောက်မေ့၍ စိတ်ပူပန်ခြင်းရှိ၏။ ဆင်ခြင်၍ စိတ်ပျက်ခြင်းသို့ ရောက်တတ်၏။
77:4 မျက်စိမှိတ်၍ မပျော်နိုင်။ လှုပ်ရှားခြင်းရှိသောကြောင့် နှုတ်မမြွက်နိုင်။
77:5 လွန်လေပြီးသော နေ့ရက်ကိုလည်းကောင်း၊ ရှေးကာလကိုလည်းကောင်း အောက်မေ့၏။
77:6 ညအခါ၌လည်း ငါသည် ကိုယ်သီချင်းကိုဆင်ခြင်၍၊ ကိုယ်စိတ်နှလုံးနှင့် ဆွေးနွေးသဖြင့်၊ ငါ့ဝိညာဉ်သည် စစ်ဆေးခြင်းကို ပြု၏။
77:7 ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မူမည်လော။ နောက်တစ်ဖန် ကျေးဇူးအလျှင်းမပြုဘဲ နေတော်မူမည်လော။
77:8 ကရုဏာတော်သည် အစဉ်ကုန်ပြီလော။ ကတိတော်လည်း ကာလအစဉ်အဆက် ပျက်လိမ့်မည်လော။
77:9 ဘုရားသခင်သည် သနားခြင်းငှာ မေ့လျော့တော်မူသလော။ အမျက်ထွက်သဖြင့် စုံစမ်းခြင်းကရုဏာတော်ကို ချုပ်တည်းတော်မူသလော။
77:10 ထိုသို့ဆိုသော် ငါသည် ကိုယ်မိုက်ကြောင်းကို ဝန်ခံရ၏။ ဤအမှုကား၊ အမြင့်ဆုံးသောဘုရား၏ လက်ယာလက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။
77:11 ထာဝရဘုရား၏အမှုတော်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဖူးသော အံ့ဩဖွယ်တို့ကို အောက်မေ့ပါမည်။
77:12 ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသော အရာတို့ကို မြွက်ဆိုပါမည်။
77:13 အိုဘုရားသခင်၊ ကိုယ်တော်၏လမ်းသည် သန့်ရှင်းခြင်းနှင့် ယှဉ်ပါ၏။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း။
77:14 ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကို ပြုတတ်သောဘုရား ဖြစ်တော်မူ၏။ လူမျိုးတို့တွင် တန်ခိုးတော်ကို ပြတော်မူပြီ။
77:15 ကိုယ်တော်၏လူတည်းဟူသော ယာကုပ်နှင့် ယောသပ်၏အမျိုးကို လက်ရုံးတော်နှင့် ကယ်နုတ်တော်မူပြီ။
77:16 အို ဘုရားသခင်၊ ရေတို့သည် ကိုယ်တော်ကိုမြင်ကြပါ၏။ ရေတို့သည် ကိုယ်တော်ကိုမြင်၍ ကြောက်ရွံ့ကြပါ၏။ ရေနက်နဲရာအရပ်တို့လည်း လှုပ်ရှားကြပါ၏။
77:17 မိုးတိမ်တို့သည် ရေကိုသွန်းလောင်း၍၊ မိုးကောင်းကင်တို့လည်း အသံဗလံပြုကြပါ၏။ ကိုယ်တော်၏မြားတို့သည် အရပ်ရပ်သို့ ရောက်ကြပါ၏။
77:18 ကိုယ်တော်၏ မိုးကြိုးသံသည် လေပွေ၌ပါ၍၊ လျှပ်စစ်ပြက်သဖြင့်၊ လောကကို လင်းစေပါ၏။ မြေကြီးသည်လည်း တုန်လှုပ်ပါ၏။
77:19 ကိုယ်တော်သည် သမုဒ္ဒရာ၌ ကြွတော်မူ၍၊ လမ်းခရီးတော်သည် ကျယ်ဝန်းသော ရေတွင်ရှိသဖြင့်၊ ခြေတော်ရာတို့သည် မထင်ရှားကြပါ။
77:20 မောရှေနှင့် အာရုန်တို့လက်ဖြင့် ကိုယ်တော်၏လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ၏။