Psalms 78
78:1 ငါ၏လူများတို့၊ ငါ့တရားကို နာကြလော့။ ငါမြွက်သောစကားကို နားထောင်ကြလော့။
78:2 ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲသောအရာများကို ဖော်ပြပေအံ့။
78:3 ဘိုးဘေးတို့သည်ပြော၍ ငါတို့သည် ကြားသိရသော ထိုအရာများကို၊
78:4 သားမြေးတို့မှ မဝှက်မထား။ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကိုလည်းကောင်း၊ ပြုတော်မူသော အံ့ဩဖွယ်အမှုတို့ကိုလည်းကောင်း၊ ဖြစ်လတ္တံ့သောသူတို့အား ဖော်ပြကြမည်။
78:5 အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေတရားကိုစီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။
78:6 သဘောမဖြောင့်၊
78:7 ဘုရားသခင်၌ စိတ်ဝိညာဉ် အမြဲမဆည်းကပ်သောအမျိုး၊
78:8 ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည်မဖြစ်၊ ဘုရားသခင်၏အမှုတော်တို့ကိုမမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ပညတ်တော်တို့ကိုစောင့်စေခြင်းငှာ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အားပြသ၍၊ ဖြစ်လတ္တံ့သောအမျိုးတည်းဟူသော၊ ဖွားမြင်လတ္တံ့သောသားတို့သည် သိနားလည်၍၊ နောက်တစ်ဖန် မြေးမြစ်တို့အား ပြသကြမည်အကြောင်း ပညတ်ထားတော်မူပြီ။
78:9 ဧဖရိမ်အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား။
78:10 ဘုရားသခင်၏သစ္စာတော်ကို မစောင့်။ တရားတော်လမ်း၌ သွားခြင်းငှာ အလိုမရှိကြ။
78:11 အမှုတော်တို့ကိုလည်းကောင်း၊ ပြတော်မူသော အံ့ဩဖွယ်တို့ကိုလည်းကောင်း မေ့လျော့ကြ၏။
78:12 အဲဂုတ္တုပြည်၊ ဇောနအရပ်တွင် သူတို့အဘများမျက်မှောက်၌ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူ၏။
78:13 ပင်လယ်ကိုခွဲ၍ သူတို့ကို လျှောက်သွားစေတော်မူ၏။ ရေများကိုစုပုံ၍ ထားတော်မူ၏။
78:14 နေ့အချိန်၌ကား၊ မိုးတိမ်ဖြင့်လည်းကောင်း၊ ညအချိန်၌ကား တစ်ညလုံး မီးအလင်းဖြင့်လည်းကောင်း သူတို့ကို လမ်းပြတော်မူ၏။
78:15 တော၌ ကျောက်တို့ကိုဖောက်၍၊ ပင်လယ်ရေကဲ့သို့ များစွာသောရေကို သူတို့အား တိုက်တော်မူ၏။
78:16 ကျောက်ထဲကစီးသော ရေကိုထွက်စေ၍၊ မြစ်ရေကဲ့သို့ ရေများကို စီးစေတော်မူ၏။
78:17 ထိုသူတို့မူကား၊ အမြင့်ဆုံးသောဘုရားကို တော၌ပုန်ကန်သောအားဖြင့် တိုး၍ ပြစ်မှားကြ၏။
78:18 မိမိတို့အလိုအလျောက် အစာကိုတောင်း၍ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို စုံစမ်းကြ၏။
78:19 ဘုရားသခင်သည် တော၌စားပွဲကို ပြင်ဆင်နိုင်သလော။
78:20 ကြည့်ကြလော့။ ကျောက်ကိုရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်း ပေးနိုင်သလော။ မိမိလူတို့အဖို့ အမဲသားကို ပြင်ဆင်နိုင်သလောဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ၏။
78:21 ထိုစကားကို ထာဝရဘုရားသည်ကြား၍ အမျက်ထွက်တော်မူ၏။ ယာကုပ်အမျိုး၌မီးလောင်၍၊ ဣသရေလအမျိုး၌ ဒေါသမီးတက်လေ၏။
78:22 အကြောင်းမူကား၊ အထက်မိုးတိမ်တို့ကိုမှာထားလျက်၊ ကောင်းကင်တံခါးတို့ကိုဖွင့်၍၊ သူတို့စားစရာဖို့ မန္နကို မိုးရွာစေသဖြင့်၊ ကောင်းကင်ဆန်စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် ကြီးမြတ်သော သူတို့၏အစာကိုသုံးဆောင်၍၊ ဝပြောစွာစားကြမည်အကြောင်း ပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ကယ်တင်တော်မူခြင်းကျေးဇူးကို မကိုးစားဘဲနေကြ၏။
78:26 မိုးကောင်းကင်၌ အရှေ့လေကိုပယ်၍၊ အားကြီးသော တောင်လေကိုဆောင်ခဲ့သဖြင့်၊
78:27 သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှ၊ ပျံတက်သောငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ မိုးရွာစေလျက်၊
78:28 သူတို့တပ်ချ၍၊ နေရာအရပ်ပတ်လည်၌ ကျစေတော်မူ၏။
78:29 ထိုသို့ သူတို့အလိုရှိသည်အတိုင်းပေးတော်မူသဖြင့်၊ သူတို့သည် ဝပြောစွာ စားရကြ၏။
78:30 သူတို့ တပ်မက်သောအစာကို မရောင့်ရဲမီစားကြစဉ်တွင်၊
78:31 ဘုရားသခင်၏အမျက်တော်သည် သက်ရောက်သဖြင့်၊ ကျန်းမာသောသူတို့ကိုကွပ်မျက်၍၊ ဣသရေလ လူပျိုတို့ကို လှဲချတော်မူ၏။
78:32 ထိုအမှုအလုံးစုံတို့နှင့် ဣသရေလလူတို့သည် တွေ့ကြုံရသော်လည်း၊ အံ့ဖွယ်သောအမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ။ ပြစ်မှားလျက်နေကြသေး၏။
78:33 ထိုကြောင့် သူတို့နေ့ရက်ကာလကို အချည်းနှီးလွန်စေ၍၊ သူတို့နှစ်များကို ဘေးဥပဒ်တွင် မြှုပ်တော်မူ၏။
78:34 သူတို့ကို ကွပ်မျက်တော်မူသောအခါ ကိုယ်တော်ကို ရှာကြ၏။ ပြန်လာ၍ ကိုယ်တော်ကို လိုက်ရှာကြ၏။
78:35 ဘုရားသခင်သည် သူတို့၏ကျောက်၊ အမြင့်ဆုံးသောဘုရားသည် သူတို့ကို ကယ်တင်သောအရှင် ဖြစ်တော်မူသည်ကို ထိုအခါ သတိရကြ၏။
78:36 သို့သော်လည်း၊ ကိုယ်တော်ကို နှုတ်ဖြင့်ချော့မော့၍၊ လျှာဖြင့်လည်း မုသားစကားကို လျှောက်ဆိုကြ၏။
78:37 သူတို့စိတ်သဘောမူကား၊ ရှေ့တော်၌ မဖြောင့်၊ သစ္စာတော်ကို မစောင့်ဘဲနေကြ၏။
78:38 ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကိုမဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော်ကို နှိုးဆော်တော်မမူ။
78:39 သူတို့သည် အသားဖြစ်ကြောင်းကိုလည်းကောင်း၊ စုတေ့၍ နောက်တစ်ဖန် မလာတတ်သော ဝိညာဉ်ဖြစ်ကြောင်းကိုလည်းကောင်း အောက်မေ့တော်မူ၏။
78:40 သူတို့သည် ကိုယ်တော်ကိုတော၌ပုန်ကန်၍၊ လူဆိတ်ညံရာအရပ်၌ စိတ်တော်နာဖွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။
78:41 ဘုရားသခင်ကိုအဖန်ဖန်စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားကို ဆန့်ကျင်ဘက် ပြုကြပါသည်တကား။
78:42 တန်ခိုးတော်ကိုလည်းကောင်း၊ ဒုက္ခထဲက ကယ်လွှတ်တော်မူသော နေ့ရက်ကာလကိုလည်းကောင်း မအောက်မေ့ကြ။
78:43 အဲဂုတ္တုပြည်၌ လက္ခဏာသက်သေတော်တို့ကိုလည်းကောင်း၊ ဇောနအရပ်၌ အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း ပြုတော်မူ၏။
78:44 ထိုပြည်သားတို့သည် ရေမသောက်ရမည်အကြောင်း၊ သူတို့ မြစ်ရေ၊ စမ်းရေများကို သွေးဖြစ်စေတော်မူ၏။
78:45 သူတို့ကို ကိုက်စားတတ်သော ယင်ရဲတို့ကိုလည်းကောင်း၊ ဖျက်ဆီးတတ်သော ဖားတို့ကိုလည်းကောင်း စေလွှတ်တော်မူ၏။
78:46 သူတို့၏မြေအသီးအနှံကို ခါသိလကျိုင်းတို့အားလည်းကောင်း၊ သူတို့လုပ်၍ရသောဥစ္စာကို အရာဘကျိုင်းတို့အားလည်းကောင်း ပေးတော်မူ၏။
78:47 သူတို့စပျစ်နွယ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့သဖန်းပင်များကို နှင်းခဲဖြင့်လည်းကောင်း ဖျက်ဆီးတော်မူ၏။
78:48 သူတို့၏သိုးနွားများကို မိုးသီး၌လည်းကောင်း၊ ပြုစုသောတိရစ္ဆာန်များကို မီး၌လည်းကောင်း အပ်တော်မူ၏။
78:49 အမျက်တော်အရှိန်အားဖြင့် သူတို့၌ ဆိုးသောတမန်တို့ကိုစေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောင့်ယှက်ခြင်းအမှုကို ဖြစ်စေတော်မူ၏။
78:50 အမျက်တော်ဖို့ လမ်းကိုပြင်ဆင်တော်မူ၏။ သူတို့အသက်ကို မနှမြော၊ သေစေခြင်းငှာ ကာလနာသို့ အပ်နှံသဖြင့်၊
78:51 အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကိုလည်းကောင်း၊ ဟာမသားတို့နေရာအရပ်၌ အထွဋ်အမြတ်များကိုလည်းကောင်း ဒဏ်ခတ်တော်မူ၏။
78:52 မိမိလူများကိုကား၊ သိုးကဲ့သို့ထွက်စေ၍၊ တော၌သူတို့ကို သိုးစုကဲ့သို့ ဆောင်တော်မူ၏။
78:53 ဘေးနှင့်ကင်းလွတ်အောင်ဆောင်တော်မူသဖြင့်၊ သူတို့သည် မကြောက်ရကြ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ၏။
78:54 သန့်ရှင်းသော ပြည်တော်စွန်းတိုင်အောင်လည်းကောင်း၊ လက်ယာလက်တော်အားဖြင့် အပိုင်ရတော်မူသော ဤတောင်သို့လည်းကောင်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။
78:55 သူတို့ရှေ့မှာလည်း၊ တစ်ပါးအမျိုးသားတို့ကိုနှင်ထုတ်ပြီးလျှင်၊ ဣသရေလအမျိုးအနွယ် အသီးအသီးတို့သည် အမွေခံရသောမြေကိုတာထိုး၍ ပိုင်းခြားလျက် နေရာချတော်မူ၏။
78:56 သို့သော်လည်း၊ သူတို့သည် အမြင့်ဆုံးသောဘုရားကို စုံစမ်း၍ ပုန်ကန်ကြ၏။ သက်သေခံတော်မူချက်များကို မစောင့်ဘဲ၊
78:57 ဘိုးဘေးများကဲ့သို့ ဖောက်ပြန်၍သစ္စာကို ဖျက်ကြ၏။ လိမ်တတ်သော လေကဲ့သို့ လမ်းလွဲကြ၏။
78:58 သူတို့သည် မြင့်သောအရပ်များအားဖြင့်၊ အမျက်တော်ကို နှိုးဆော်၍၊ ရုပ်တုများအားဖြင့်လည်း စိတ်တော်ကို ချုပ်ချယ်နှောင့်ယှက်ကြ၏။
78:59 ဘုရားသခင်သည် ကြားသိတော်မူလျှင်၊ အမျက်တော်ထွက်၍၊ ဣသရေလအမျိုးသားတို့ကို အလွန်ရွံရှာသဖြင့်၊
78:60 ရှိလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသောအရပ်ကို စွန့်တော်မူ၏။
78:61 တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှာလည်းကောင်း၊ ဘုန်းတော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှာလည်းကောင်း စီရင်တော်မူ၏။
78:62 မိမိလူတို့ကိုလည်း ဓားဘေး၌အပ်၍၊ အမွေတော်ကို အမျက်ထွက်တော်မူ၏။
78:63 လူပျိုတို့သည် မီးလောင်ခြင်းကို ခံရသော်လည်း၊ အပျိုတို့သည် မငိုကြွေးရကြ။
78:64 ယဇ်ပုရောဟိတ်တို့သည် ဓားဘေးဖြင့်ဆုံးသော်လည်း၊ မုဆိုးမတို့သည် မြည်တမ်းခြင်းကို မပြုရကြ။
78:65 ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ပြီးသော သူကဲ့သို့လည်းကောင်း၊ စပျစ်ရည်ကြောင့် ငြိမ်ပြီးသော သူရဲကဲ့သို့လည်းကောင်း နိုးတော်မူ၏။
78:66 ရန်သူတို့ကိုဒဏ်ခတ်၍ လှန်သဖြင့်၊ အစဉ်အမြဲ အရှက်ကွဲစေတော်မူ၏။
78:67 သို့ရာတွင်၊ ယောသပ်၏တဲတော်ကို ငြင်းပယ်၍ ဧဖရိမ်အမျိုးကို ရွေးတော်မမူ။
78:68 ယုဒအမျိုးကိုလည်းကောင်း၊ ချစ်တော်မူသော ဇိအုန်တောင်ကိုလည်းကောင်း ရွေးတော်မူ၏။
78:69 သန့်ရှင်းရာဌာနတော်ကို အထွဋ်ကဲ့သို့တည်ဆောက်၍၊ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ၏။
78:70 ကျွန်တော်မျိုးဒါဝိဒ်ကို သိုးခြံများထဲက ရွေးယူတော်မူ၏။
78:71 သားငယ်ရှိသော သိုးမတို့ကို ထိန်းခြင်းအမှုမှနုတ်၍၊ မိမိလူတည်းဟူသော ယာကုပ်အမျိုးသား၊ အမွေတော်တည်းဟူသော ဣသရေလလူတို့ကို ကျွေးမွေးစေခြင်းငှာ ခန့်ထားတော်မူ၏။
78:72 ထိုသူသည် ဖြောင့်သောသဘောရှိသည်အတိုင်း ကျွေးမွေး၍၊ လိမ္မာသောလက်နှင့် ပို့ဆောင်လေ၏။