Psalms 79
79:1 အိုဘုရားသခင်၊ တစ်ပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော်ကို ညစ်ညူးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။
79:2 ကိုယ်တော်၏ကျွန်အသေကောင်တို့ကို မိုးကောင်းကင်ငှက်တို့အားလည်းကောင်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့အသားကို တောသားရဲတို့အားလည်းကောင်း ကျွေးကြပါပြီ၊
79:3 သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ပတ်လည်၌ သွန်ကြ၍၊ သင်္ဂြိုဟ်သောသူလည်း မရှိပါ။
79:4 အကျွန်ုပ်တို့သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်၌ နေသောသူများပြက်ရယ်ပြု၍ အရှက်ခွဲရာ ဖြစ်ကြပါ၏။
79:5 အို ထာဝရဘုရား၊ အမျက်တော်သည် အလျှင်းမငြိမ်းဘဲ အဘယ်မျှကာလပတ်လုံး ထွက်ပါမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည် မပြေ၊ မီးကဲ့သို့ လောင်ပါမည်နည်း။
79:6 ကိုယ်တော်ကို မသိသော တစ်ပါးအမျိုးသားတို့ အပေါ်သို့လည်းကောင်း၊ နာမတော်ကို ပတ္ထနာမပြုသော တိုင်းနိုင်ငံသားတို့အပေါ်သို့လည်းကောင်း၊ အမျက်တော်ကို သွန်းလောင်းတော်မူပါ။
79:7 အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကိုကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြပါပြီ။
79:8 ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန် နှိမ့်ချလျက်ရှိပါသည်ဖြစ်၍၊ ကရုဏာတော်သည် အလျင်အမြန်ကူမပါစေသော။
79:9 ကယ်တင်တော်မူသောဘုရား၊ နာမတော်၏ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်တို့ကိုနုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။
79:10 သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု တစ်ပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါမည်နည်း။ သွန်ပြီးသော ကျွန်တော်မျိုး၏အသွေးဘက်မှာ တရားစီရင်တော်မူသောအကြောင်းသည် တစ်ပါးအမျိုးသားတို့တွင် အကျွန်ုပ်တို့မျက်မှောက်၌ ထင်ရှားပါစေသော။
79:11 အချုပ်ခံရသောသူ၏ ညည်းတွားသံကို နားထောင်တော်မူပါ။ သေရသောသူတို့ကို လက်ရုံးတော် တန်ခိုးကြီးသည်နှင့်အညီ ချမ်းသာပေးတော်မူပါ။
79:12 အကျွန်ုပ်တို့ အိမ်နီးချင်းတို့သည် ကိုယ်တော်အား ကဲ့ရဲ့ခြင်းအပြစ်ကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆတိုင်အောင် ဆပ်ပေးတော်မူပါဘုရား။
79:13 သို့ဖြစ်၍၊ ကိုယ်တော်ထံ၌ ကျက်စားသော သိုးစုတည်းဟူသော ကိုယ်တော်၏လူ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အစဉ်မပြတ်ချီးမွမ်း၍၊ ဂုဏ်ကျေးဇူးတော်ကို အစဉ်အဆက် ဖြစ်လတ္တံ့သောသားတို့အား ဖော်ပြကြပါမည်။