Psalms 88
88:1 အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ နေ့ညမပြတ် အော်ဟစ်ပါ၏။
88:2 အကျွန်ုပ်ပြုသောပတ္ထနာသည် အထံတော်သို့ ဝင်ပါစေသော။ အော်ဟစ်သံကို နားထောင်တော်မူပါ။
88:3 အကျွန်ုပ်၏ဝိညာဉ်သည် ဒုက္ခနှင့်ပြည့်၍၊ အသက်သည်လည်း မရဏာနိုင်ငံအနီးသို့ ရောက်ပါပြီ။
88:4 အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူတို့နှင့်အတူ ရေတွက်ဝင်ခြင်းသို့ ရောက်ပါ၏။ အားကုန်သောသူကဲ့သို့ ဖြစ်ပါ၏။
88:5 လူသေတို့တွင် ပစ်ထားသောသူ၊ ကွပ်မျက်၍ သင်္ချိုင်းတွင်း၌ အိပ်နေသောသူတည်းဟူသော အောက်မေ့တော်မမူ၊ လက်တော်၏ မစခြင်းနှင့်ကွာဝေးသောသူကဲ့သို့ ဖြစ်ပါ၏။
88:6 အကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက်ဖုံးလွှမ်း၍ အလွန်နက်နဲသော အရပ်၌ ချထားတော်မူပြီ။
88:7 အမျက်တော်သည် အကျွန်ုပ်အပေါ်၌ ဖိလျက်ရှိပါ၏။ လှိုင်းတံပိုးတော်အပေါင်းတို့နှင့် နှိပ်စက်တော်မူ၏။
88:8 အကျွန်ုပ်၏အသိအကျွမ်းများကို အဝေးသို့ရွှေ့တော်မူပြီ။ သူတို့အား အကျွန်ုပ်ကို ရွံရှာဖွယ်ဖြစ်စေတော်မူပြီ။ အကျွန်ုပ်သည် အချုပ်ခံရ၍၊ ပြင်သို့ မထွက်ရပါ။
88:9 အကျွန်ုပ်ခံရသော ဒုက္ခကြောင့် အကျွန်ုပ်မျက်စိသည် ပျက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ၏။ အထံတော်သို့ လက်ကိုဆန့်ပါ၏။
88:10 သေလျက်နေသောသူတို့အား အံ့ဖွယ်သောအမှုတို့ကို ပြတော်မူမည်လော။ သင်္ချိုင်းသားတို့သည် ထ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော။
88:11 ကရုဏာတော်ကို သင်္ချိုင်းတွင်း၌လည်းကောင်း၊ သစ္စာတော်ကို ပျက်စီးရာအရပ်၌လည်းကောင်း ကြားပြောရကြပါမည်လော။
88:12 အံ့ဖွယ်သောအမှုတော်တို့ကို မှောင်မိုက်သော အရပ်၌လည်းကောင်း၊ ဖြောင့်မတ်တော်မူခြင်းတရားကို မေ့လျော့ရာပြည်၌လည်းကောင်း သိရကြပါမည်လော။
88:13 အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ပတ္ထနာသည် ရှေ့တော်သို့ရောက်ပါ၏။
88:14 အိုထာဝရဘုရား၊ အကျွန်ုပ်၏ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့် လွှဲတော်မူသနည်း။
88:15 အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ၍ သေဆဲရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ်ကပင် ခံရ၍ ပင်ပန်းပါ၏။
88:16 အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ၏။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ်၏အသက်ကို ညှဉ်းဆဲသည်တိုင်အောင်၊
88:17 ရေကဲ့သို့ အစဉ်မပြတ်ဝိုင်း၍ တညီတညွတ်တည်း ဝန်းရံကြပါ၏။
88:18 ချစ်သောသူနှင့် အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက်ထဲမှာ ရှိကြပါ၏။