Psalms 89
89:1 အကျွန်ုပ်သည် ထာဝရဘုရား၏ကရုဏာတော်ကို အစဉ်အမြဲသီချင်းဆိုပါမည်။ ကိုယ်တော်၏သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။
89:2 ကရုဏာတော်သည် အစဉ်အမြဲတည်ရပါ၏။ သစ္စာတော်ကို ကောင်းကင်၌ ခိုင်ခံ့မြဲမြံစေတော်မူသည်ဟု အကျွန်ုပ်သဘောကျပါ၏။
89:3 ကိုယ်တော်မိန့်တော်မူသည်ကား၊ သင်၏အမျိုးအနွယ်ကို အစဉ်မပြတ် ငါမြဲမြံစေမည်။
89:4 သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက်တည်စေမည်ဟု ငါရွေးကောက်သောသူနှင့် ငါသည်ပဋိညာဉ်ဖွဲ့၍၊ ငါ၏ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကို ပြုပြီ။
89:5 အို ထာဝရဘုရား၊ ကောင်းကင်သည် အံ့ဖွယ်သောအမှုတော်တို့ကိုလည်းကောင်း၊ သန့်ရှင်းသောသူတို့သည် စည်းဝေးလျက် သစ္စာတော်ကိုလည်းကောင်း ချီးမွမ်းကြပါစေသော။
89:6 အကြောင်းမူကား၊ ကောင်းကင်တွင် ထာဝရဘုရားနှင့် အဘယ်သူပြိုင်နိုင်သနည်း။ ဘုရားသခင်၏သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။
89:7 ဘုရားသခင်သည် သန့်ရှင်းသူတို့၏ပရိသတ်တွင် အလွန်ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသောသူအပေါင်းတို့ထက် ရိုသေဖွယ်ဖြစ်တော်မူ၏။
89:8 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း။ ထာဝရဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။
89:9 သမုဒ္ဒရာဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်းတံပိုးထသောအခါ ငြိမ်းစေတော်မူ၏။
89:10 ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက်၍၊ အားကြီးသောလက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူ၏။
89:11 ကောင်းကင်နှင့် မြေကြီးသည် ကိုယ်တော်၏ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာများကို တည်တော်မူပြီ။
89:12 မြောက်မျက်နှာနှင့် တောင်မျက်နှာကိုလည်း ဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန်တောင်သည် နာမတော်ကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြပါ၏။
89:13 တန်ခိုးရှိသောလက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည်အားကြီး၍၊ လက်ယာလက်တော်သည် မြင့်ပါ၏။
89:14 တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်ပါ၏။ ကရုဏာနှင့်သစ္စာသည် မျက်နှာတော်ရှေ့၌သွားကြပါ၏။
89:15 အို ထာဝရဘုရား၊ နှိုးဆော်တော်မူခြင်းအသံကို နားလည်သောလူမျိုးသည် မင်္ဂလာရှိပါ၏။
89:16 သူတို့သည် မျက်နှာတော်အလင်း၌ သွားလာရကြပါ၏။ နာမတော်၌ အစဉ်ဝမ်းမြောက်၍ ဖြောင့်မတ်တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရကြပါ၏။
89:17 ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ်တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက်ရှိပါ၏။
89:18 ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာတော်မူ၏။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် အကျွန်ုပ်တို့၏ရှင်ဘုရင်ဖြစ်တော်မူ၏။
89:19 တစ်ရံရောအခါ ကိုယ်တော်၏သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသောသူသည် ကူမမည်အကြောင်း ငါခန့်ထားပြီ။ လူစုထဲက ရွေးကောက်သောသူ တစ်ယောက်ကို ငါချီးမြှောက်ပြီ။
89:20 ငါ၏ကျွန်ဒါဝိဒ်ကို ငါတွေ့၍၊ သန့်ရှင်းသောဆီနှင့် ဘိသိက်ပေးပြီ။
89:21 သူ့ဘက်မှာ ငါ့လက်သည်တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။
89:22 ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသောသူသည် မညှဉ်းဆဲရ။
89:23 သူ၏ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည်။
89:24 ငါ၏သစ္စာနှင့် ကရုဏာသည်သူ့ဘက်မှာနေ၍၊ ငါ၏နာမအားဖြင့် သူ၏ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည်။
89:25 သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာလည်းကောင်း၊ သူ၏လက်ယာလက်ကို မြစ်များပေါ်မှာလည်းကောင်း ငါတင်၍ထားမည်။
89:26 သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်ရာကျောက်ဖြစ်တော်မူ၏ဟု ငါ့ကို ကြွေးကြော်လိမ့်မည်။
89:27 အကယ်စင်စစ် သူ့ကို သားဦးအရာ၌ ခန့်ထား၍၊ လောကီရှင်ဘုရင်တို့အပေါ်မှာ ချီးမြှောက်မည်။
89:28 ငါ၏ကရုဏာကို သူ့အဖို့ငါသည် အစဉ်စောင့်၍၊ ငါ၏ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။
89:29 သူ၏အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေမည်။ သူ၏ပလ္လင်သည် ကောင်းကင်ကလာသကဲ့သို့ နိစ္စထာဝရဖြစ်လိမ့်မည်။
89:30 သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကို မကျင့်၊
89:31 ငါ၏အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ပညတ်တို့ကို မစောင့်ဘဲနေလျှင်၊
89:32 ငါသည် သူတို့ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့်ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။
89:33 သို့သော်လည်း၊ ငါ၏ကရုဏာကို သူမှငါမနုတ်မပယ်။ ငါ၏သစ္စာကိုလည်း မဖျက်။
89:34 ငါ၏ပဋိညာဉ်တရားကိုလည်း မရှုတ်ချ။ ငါမိန့်မြွက်သော စကားလည်း ဖောက်ပြန်ခြင်းမရှိရ။
89:35 ငါသည် ဒါဝိဒ်ကိုမလှည့်စားဟု ငါ၏သန့်ရှင်းခြင်းပါရမီကို တိုင်တည်၍ တစ်ခါကျိန်ဆိုပြီ။
89:36 သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရမည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ဖြစ်ရမည်။
89:37 လကဲ့သို့လည်းကောင်း၊ မိုးကောင်းကင်၌ သစ္စာစောင့်သော သက်သေကဲ့သို့လည်းကောင်း၊ အစဉ်မြဲမြံရမည်ဟု ကိုယ်တော်သည် မိန့်တော်မူပါပြီ။
89:38 သို့သော်လည်း၊ ကိုယ်တော်သည် ယခုစွန့်ပယ်၍ရွံရှာတော်မူပြီ။ အထံတော်၌ ဘိသိက်ခံသောသူကို အမျက်ထွက်တော်မူပြီ။
89:39 ကိုယ်တော်၏ကျွန်နှင့်ဖွဲ့သော ပဋိညာဉ်ကိုဖျက်၍၊ သူ၏သရဖူကို မြေတိုင်အောင် ရှုတ်ချတော်မူပြီ။
89:40 သူ၏ခြံရှိသမျှတို့ကိုချိုး၍၊ သူ၏တိုက်များကို ဖြိုဖျက်တော်မူပြီ။
89:41 လမ်း၌လျှောက်သွားသောသူအပေါင်းတို့သည် သူ့ကိုလုယူကြ၏။ အိမ်နီးချင်းတို့တွင် ကဲ့ရဲ့ဖွယ်ဖြစ်ပါ၏။
89:42 သူ၏ရန်သူတို့ လက်ယာလက်ကို ချီးမြှင့်၍၊ ရန်ဘက်ပြုသောသူအပေါင်းတို့ကို ဝမ်းမြောက်စေတော်မူ၏။
89:43 သူ၏ဓားသွားကိုလိပ်စေ၍၊ သူစစ်တိုက်ရာတွင် ထောက်မတော်မမူပါ။
89:44 သူ၏ဘုန်းကိုကွယ်စေ၍၊ သူ၏ရာဇပလ္လင်ကို မြေသို့နှိမ့်ချတော်မူပြီ။
89:45 သူ၏ပျိုသောအရွယ်ကို တိုစေ၍ အရှက်ခွဲတော်မူပြီ။
89:46 အို ထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်းမထင်ရှားဘဲ၊ အဘယ်မျှကာလပတ်လုံးပုန်း၍ နေတော်မူမည်နည်း။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း။
89:47 အကျွန်ုပ်၏အသက်တာသည် အဘယ်မျှလောက် တိုသည်ကိုလည်းကောင်း၊ အဘယ်မျှလောက် ပျက်တတ်စေခြင်းငှာ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည်ကိုလည်းကောင်း၊ အောက်မေ့တော်မူပါ။
89:48 သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ်ကို မရဏာနိုင်ငံတန်ခိုးမှ ကယ်နုတ်နိုင်သောသူကား အဘယ်သူနည်း။
89:49 အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ်တော်၏ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေးကရုဏာတော်သည် အဘယ်မှာရှိပါသနည်း။
89:50 အိုထာဝရဘုရား၊ ကိုယ်တော်၏ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာသော လူတို့၏အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ်ရင်ခွင်၌ ဆောင်ရပါ၏။
89:51 အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ခြေတော်ရာတို့ကို ကဲ့ရဲ့တတ်ကြပါ၏။
89:52 ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။