Psalms 90
90:1 အို ဘုရားရှင်၊ ကိုယ်တော်သည်ကာလအစဉ်အဆက် အကျွန်ုပ်တို့ခိုလှုံရာ ဖြစ်တော်မူ၏။
90:2 တောင်များကို မဖော်၊ မြေကြီးနှင့် လောကဓာတ်ကိုဖန်ဆင်းတော်မမူမီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။
90:3 လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်းလူသားတို့၊ ပြန်ကြလော့ဟု မိန့်တော်မူ၏။
90:4 ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့လည်းကောင်း၊ ညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
90:5 လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်းကဲ့သို့ ဖြစ်ကြပါ၏။ လူသည် မြက်ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။
90:6 နံနက်အချိန်၌ကား၊ ပွင့်လန်း၍တိုးပွားပါ၏။ ညဥ့်ဦးအချိန်၌ကား၊ ရိတ်၍ ညှိုးနွမ်းပါ၏။
90:7 အမျက်တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပါ၏။ စိတ်တော်မပြေသောကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏။
90:8 အကျွန်ုပ်တို့၏ဒုစရိုက်များကို ရှေ့တော်၌လည်းကောင်း၊ ဝှက်ထားသောအကျင့်များကို မျက်နှာတော် အလင်းထဲ၌လည်းကောင်း၊ လှန်ထားတော်မူ၏။
90:9 အကျွန်ုပ်တို့သည် အမျက်တော်ကိုခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။
90:10 အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
90:11 အမျက်တော်အရှိန်ကို အဘယ်သူသိပါသနည်း။ အမျက်ထွက်တော်မူခြင်းကို ကြောက်ရွံ့သင့်သည်အတိုင်း အဘယ်သူ ကြောက်ရွံ့ပါသနည်း။
90:12 အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။
90:13 အို ထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက် ကြာရပါမည်နည်း။ ကိုယ်တော်၏ကျွန်တို့အတွက် နာကြင်သောစိတ် ရှိတော်မူပါ။
90:14 အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တစ်သက်လုံး ဝမ်းမြောက်ရွှင်လန်းကြပါလိမ့်မည်။
90:15 အကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသော နေ့ရက်ကာလ၊ ဒုက္ခခံရခဲ့ပြီးသော နှစ်ပေါင်းများသည်အတိုင်း၊ ဝမ်းမြောက်ရသောအခွင့်ကို ပေးသနားတော်မူပါ။
90:16 အမှုတော်သည် ကိုယ်တော်၏ကျွန်တို့အားလည်းကောင်း၊ ဘုန်းတော်သည် သားမြေးတို့အားလည်းကောင်း ထင်ရှားပါစေသော။
90:17 အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏ကျေးဇူးတော်သည် အကျွန်ုပ်အပေါ်သို့ ရောက်ပါစေသော။ အကျွန်ုပ်တို့ပြုသောအမှုတို့ကိုလည်း၊ အကျွန်ုပ်တို့အဖို့ မြဲမြံစေတော်မူပါ။