Exodus 1
1:1 မိမိတို့အိမ်သူအိမ်သားပါလျက်၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလသားတို့၏အမည်ဟူမူကား၊
1:2 ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊
1:3 ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊
1:4 ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ ယာကုပ်အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည် အဲဂုတ္တုပြည်၌ရှိနှင့်သတည်း။
1:6 ယောသပ်နှင့်အစ်ကိုများမှစ၍၊ ထိုကာလအမျိုးသားအပေါင်းတို့သည် သေကြကုန်၏။
1:7 ဣသရေလအမျိုးသားတို့သည် သားကိုဖွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တစ်ပြည်လုံး၌ နှံ့ပြားကြလေ၏။
1:8 ထိုနောက်မှအဲဂုတ္တုပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်သစ်ပေါ်လာ၏။
1:9 ထိုရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့သည် ငါတို့ထက်သာ၍များကြ၏။ သာ၍အားကြီးကြ၏။
1:10 လာကြ၊ သူတို့ကို လိမ္မာစွာပြုကြစို့။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။ နောက်တစ်ခါစစ်မှုရောက်လျှင် ငါတို့ရန်သူဘက်သို့ဝင်စား၍ ငါတို့ကိုတိုက်သဖြင့်၊ ပြည်တော်ထဲကထွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ၏။
1:11 ထိုကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာနှိပ်စက်ညှဉ်းဆဲစေခြင်းငှာ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဖို့၊ ပိသုံမြို့နှင့် ရာမသက်မြို့ကိုတည်ဆောက်ရကြ၏။
1:12 သို့သော်လည်း၊ နှိပ်စက်ခြင်းကိုခံရသည်အတိုင်း၊ တိုးပွားများပြားလျက် ရှိကြ၏။ သူတို့ကြောင့် အဲဂုတ္တုလူတို့သည်စိတ်ညစ်၍၊
1:13 အလွန်ကြမ်းတမ်းစွာညှဉ်းဆဲကြ၏။
1:14 သရွတ်နှင့်အုတ်လုပ်သောအမှု၊ လယ်လုပ်သောအမှုအမျိုးမျိုး၌ ခဲယဉ်းစွာစေခိုင်း၍ အလွန်ဆင်းရဲပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌လည်း ခဲယဉ်းစွာစေခိုင်းကြ၏။
1:15 ရှိဖရနှင့် ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲမတို့ကို၊ အဲဂုတ္တုရှင်ဘုရင်က၊
1:16 သင်တို့သည် ဟေဗြဲမိန်းမတို့အားဝမ်းဆွဲလုပ်၍ မွေးရာအရပ်၌ စောင့်နေသောအခါ၊ ယောက်ျားဖြစ်လျှင် သေစေ၊ မိန်းမဖြစ်လျှင် အသက်ရှင်စေဟု အမိန့်တော်ရှိ၏။
1:17 ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ့၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု၊ ယောက်ျားတို့ကို အသက်ချမ်းသာပေးကြ၏။
1:18 အဲဂုတ္တုရှင်ဘုရင်သည်လည်း၊ ဝမ်းဆွဲမတို့ကိုခေါ်၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုသနည်း။ ယောက်ျားတို့ကို အဘယ်ကြောင့် အသက်ချမ်းသာပေးသနည်းဟု မေးစစ်သော်၊
1:19 ဝမ်းဆွဲမတို့က၊ ဟေဗြဲမိန်းမတို့သည်၊ အဲဂုတ္တုမိန်းမကဲ့သို့မဟုတ်၊ သန်စွမ်းသောကြောင့်၊ ဝမ်းဆွဲမ မရောက်မီ သားကိုဖွားတတ်ကြ၏ဟု ပြန်လျှောက်လေ၏။
1:20 ထိုကြောင့် ဘုရားသခင်သည် ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ၏။ ထိုလူအမျိုးသည်လည်းများပြား၍ အလွန်အားကြီးကြလေ၏။
1:21 ဝမ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ သူတို့အိမ်သူအိမ်သားများကို ပြုစုတော်မူ၏။
1:22 ဖာရောဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့တွင်၊ ဖွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ။ မိန်းမကိုမူကားအသက်ရှင်စေဟု မိမိလူအပေါင်းတို့ကို မှာထားတော်မူ၏။