Exodus 2
2:1 ထိုကာလ၌ လေဝိအမျိုးသားတစ်ယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊
2:2 မိန်းမသည်ပဋိသန္ဓေယူသဖြင့် သားယောက်ျားကိုဖွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကိုအမိမြင်လျှင်၊ သုံးလပတ်လုံးဝှက်ထားလေ၏။
2:3 နောက်တစ်ဖန်ဝှက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေးဖြင့်လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။
2:4 သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကိုသိမြင်ခြင်းငှာ အဝေး၌ရပ်နေလေ၏။
2:5 ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှာဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌လှည့်လည်စဉ်၊ ကိုင်းတော၌ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှာ ကျွန်မ တစ်ယောက်ကိုစေလွှတ်လေ၏။
2:6 ပုခက်ဖုံးကိုဖွင့်သောအခါ၊ ငိုလျက်နေသောသူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးသော်၊
2:7 သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကိုထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ခေါ်ရပါမည်လောဟု ဖာရောဘုရင်၏သမီးတော်အား မေးလျှောက်၍၊
2:8 မင်းသမီးကသွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။
2:9 ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကိုယူသွား၍ ငါ့ဖို့ထိန်းလော။ အခကို ငါပေးမည်ဟုမှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကိုယူသွား၍ ထိန်းလေ၏။
2:10 သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ခန့်ထားလျက်၊ မောရှေအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနုတ်ယူသည်ဟု ဆိုသတည်း။
2:11 မောရှေသည်ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့သွား၍ သူတို့အမှုထမ်းရသောအခြင်းအရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတစ်ယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊
2:12 ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကိုသိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌မြှုပ်ထားလေ၏။
2:13 နက်ဖြန်နေ့၌ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကိုမြင်လျှင်၊ သင်သည်သင်၏အပေါင်းအဖော်ကို အဘယ်ကြောင့်ရိုက်သနည်းဟု ညှဉ်းဆဲသောသူအားမေးသည်ရှိသော်၊
2:14 ထိုသူက၊ အဘယ်သူသည်သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ခန့်ထားသနည်း။ အဲဂုတ္တုလူကိုသတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟုပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှုထင်ရှားပြီဟု သိ၍ကြောက်လေ၏။
2:15 ထိုသတင်းကို ဖာရောဘုရင်ကြားသောအခါ၊ မောရှေကိုသတ်ခြင်းငှာ ရှာကြံလေ၏။ မောရှေသည် ဖာရောဘုရင်ထံမှထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာထိုင်၍နားနေလေ၏။
2:16 ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏သမီး ညီအစ်မခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏သိုးဆိတ်များကို ရေတိုက်ခြင်းငှာလာ၍ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။
2:17 သိုးထိန်းအချို့တို့လည်းလာ၍ သိုးဆိတ်များကိုမောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကိုရေတိုက်လေ၏။
2:18 ထိုမိန်းမတို့သည် အဘရွေလထံသို့ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန်ရောက်လာရကြသနည်းဟု မေးလေ၏။
2:19 သူတို့ကလည်း၊ အဲဂုတ္တုလူတစ်ယောက်သည် အကျွန်ုပ်တို့ကိုသိုးထိန်းတို့လက်မှ ကယ်နုတ်၍၊ ရေလိုသမျှကိုခပ်သဖြင့်၊ သိုးဆိတ်များကိုရေတိုက်ပါသည်ဟု ပြန်ပြော၏။
2:20 အဘကလည်း၊ ထိုသူသည်အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာစားစေခြင်းငှာ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။
2:21 မောရှေသည် ထိုသူထံမှာနေ၍ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကိုမောရှေအား ထိမ်းမြားပေးစားလေ၏။
2:22 ထိုမိန်းမဖွားသောသားကို ဂေရရှုံအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ငါသည်တစ်ကျွန်းတစ်နိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။
2:23 ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့အစေကျွန်ခံ၍ ငိုကြွေးသောအသံသည် ဘုရားသခင်ထံတော်သို့ တက်ရောက်လေ၏။
2:24 သူတို့ ညည်းတွားမြည်တမ်းခြင်းအသံကို ဘုရားသခင်ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပြုခဲ့ဖူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။
2:25 ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကိုကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။