Exodus 10
10:1 တစ်ဖန်ထာဝရဘုရားက၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်လော့။ ငါသည် ဤနိမိတ်တို့ကို သူရှေ့၌ပြခြင်းငှာလည်းကောင်း၊
10:2 အဲဂုတ္တုပြည်၌ငါပြုသောအမှု၊ အဲဂုတ္တုလူတို့တွင် ငါပြသောနိမိတ်တို့ကို၊ သင်၏သားမြေးတို့အားကြားပြောသဖြင့်၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာလည်းကောင်း၊ သူ၏နှလုံး၊ သူ၏ကျွန်တို့နှလုံးကို ငါခိုင်မာစေပြီဟု မောရှေအား မိန့်တော်မူ၏။
10:3 မောရှေနှင့် အာရုန်တို့သည်၊ ဖာရောဘုရင်ထံသို့ဝင်ပြီးလျှင်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရားက၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ်မနှိမ့်ချဘဲ အဘယ်မျှကာလပတ်လုံးနေလိမ့်မည်နည်း။ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။
10:4 သို့မဟုတ် ငါ၏လူတို့ကိုမလွှတ်ဘဲနေလျှင်၊ ကြည့်ရှုလော့။ ကျိုင်းကောင်တို့ကို သင်၏ပြည်သို့ နက်ဖြန်ငါဆောင်ခဲ့မည်။
10:5 မြေမထင်ပေါ်နိုင်အောင် သူတို့သည် မြေမျက်နှာကိုဖုံးလွှမ်းကြလိမ့်မည်။ မိုးသီးမဖျက်၊ သင်တို့၌ကျန်ကြွင်းသေးသမျှကိုလည်းကောင်း၊ သင်တို့အဖို့ မြေ၌ ပေါက်သမျှသောအပင်တို့ကိုလည်းကောင်း စားကြလိမ့်မည်။
10:6 သင်၏ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည်ကာလမှစ၍၊ ယနေ့တိုင်အောင် မမြင်ဖူးသကဲ့သို့၊ သင်၏အိမ်များ၊ သင်၏ကျွန်တို့အိမ်များ၊ အဲဂုတ္တုလူအပေါင်းတို့၏ အိမ်များတို့ကို ဖြည့်ကြလိမ့်မည်ဟုဆိုပြီးလျှင်၊ လှည့်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။
10:7 ဖာရောဘုရင်၏ကျွန်တို့ကလည်း၊ ဤလူသည် ငါတို့ကို အဘယ်မျှကာလပတ်လုံး နှောင့်ယှက်ပါလိမ့်မည်နည်း။ ထိုသူတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟု လျှောက်ကြလျှင်၊
10:8 မောရှေနှင့်အာရုန်ကို တစ်ဖန်ဖာရောဘုရင်ထံသို့ သွင်းပြန်၍၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုခြင်းငှာသွားကြလော့။ သို့ရာတွင် သွားရသောသူတို့သည် အဘယ်သူနည်းဟုမေးလျှင်၊
10:9 မောရှေက၊ အကျွန်ုပ်တို့သည် သူငယ်၊ သူအို၊ သားသမီး၊ သိုး၊ နွားပါလျက် သွားပါမည်။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ပွဲခံရပါမည်ဟု ပြန်ဆိုလေသော်၊
10:10 ဖာရောမင်းက၊ သင်တို့နှင့် သူငယ်များကိုငါလွှတ်သည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့၌ရှိစေသော။ သတိပြု၊ မကောင်းသောအကြံကို ကြံကြသည်တကား။
10:11 ထိုသို့မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအားဝတ်ပြုကြဟု မိန့်တော်မူသဖြင့်၊ သူတို့ကိုအထံတော်မှ နှင်ကြလေ၏။
10:12 ထာဝရဘုရားကလည်း၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ရောက်လာ၍ မိုးသီးမဖျက်၊ မြေပေါ်မှာ ကျန်ရစ်သောအပင်ရှိသမျှတို့ကို စားစေခြင်းငှာ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
10:13 မောရှေသည် မိမိလှံတံကိုအဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရားလာစေတော်မူ၍၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကိုဆောင်ခဲ့လေ၏။
10:14 ထိုကျိုင်းတို့သည် အဲဂုတ္တုပြည်လုံးကိုလွှမ်းမိုး၍၊ ပြည်နယ်နိမိတ်ရှိသမျှအပေါ်မှာ နားသဖြင့် အလွန်များပြားကြ၏။ ထိုသို့သော ကျိုင်းတို့သည် ရှေးကမဖြစ်စဖူး၊ နောက်၌လည်းမဖြစ်ရလတ္တံ့။
10:15 မြေမည်းသည်တိုင်အောင် မြေတစ်ပြင်လုံးကိုဖုံးအုပ်၍ တစ်ပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုးသီးနှင့် လွတ်သောသစ်သီးရှိသမျှကို စားကြသဖြင့်၊ အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် သစ်ပင်မြက်ပင်တို့၌ စိမ်းသောအရာတစ်စုံတစ်ခုမျှ မကျန်ရစ်။
10:16 ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့်အာရုန်ကို အလျင်အမြန်ခေါ်၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုလည်းကောင်း၊ သင်တို့ကိုလည်းကောင်း ငါပြစ်မှားပါပြီ။
10:17 သို့ဖြစ်၍ သည်တစ်ခါ ငါ့အပြစ်ကိုသည်းခံပါလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ ဤသေဘေးတစ်ခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟုဆိုသည်ရှိသော်၊
10:18 မောရှေသည် အထံတော်မှထွက်၍၊ ထာဝရဘုရားကိုတောင်းပန်လေ၏။
10:19 ထာဝရဘုရားသည် အားကြီးသောအနောက်လေကို လွှတ်တော်မူသဖြင့်၊ ထိုလေသည် ကျိုင်းတို့ကိုဆောင်သွား၍ ဧဒုံပင်လယ်၌ချပစ်လေ၏။ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ ကျိုင်းတစ်ကောင်မျှမကျန်ရစ်။
10:20 သို့သော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ၏။
10:21 တစ်ဖန်ထာဝရဘုရားက၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ မှောင်မိုက် သာမညမဟုတ်၊ စမ်းသပ်၍တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
10:22 မောရှေသည် မိမိလက်ကိုမိုးကောင်းကင်သို့ဆန့်၍၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ ထူထပ်သောမှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။
10:23 ထိုအခါ တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှမထရကြ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မိမိတို့နေရာ၌ အလင်းကိုရကြ၏။
10:24 ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်၍ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာသွားကြလော့။ သို့ရာတွင် သိုးနွားများကိုထားခဲ့ကြစေ။ သူငယ်များကို ခေါ်ကြစေဟု မိန့်တော်မူ၏။
10:25 မောရှေကလည်း၊ ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်စရာဖို့ ယဇ်ကောင်များ၊ မီးရှို့ရာပူဇော်သကာများကို ကိုယ်တော်ပေးရမည်။
10:26 ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုဆောင်သွားရမည်။ တစ်ကောင်မျှ မကျန်ရစ်ရ။ အကြောင်းမူကား၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဖို့ ရွေးယူရမည်။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မီ မသိပါဟုဆိုလေသော်၊
10:27 ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကိုခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကိုမလွှတ်။
10:28 မောရှေကိုလည်း၊ ငါ့ထံမှထွက်သွားလော့။ နောက်တစ်ဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကိုမြင်သောနေ့၌ သေမည်ဟု မိန့်တော်မူ၏။
10:29 မောရှေကလည်း၊ မိန့်တော်မူချက်သည် လျောက်ပတ်ပါ၏။ မျက်နှာတော်ကို နောက်တစ်ဖန်မမြင်ပါဟု လျှောက်ဆို၏။