Exodus 9
9:1 ထာဝရဘုရားကလည်း၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။
9:2 မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊
9:3 ထာဝရဘုရား၏လက်တော်သည် လယ်ပြင်၌ရှိသော တိရစ္ဆာန်၊ မြင်း၊ မြည်း၊ ကုလားအုတ်၊ သိုး၊ နွားတို့အပေါ်၌ရောက်၍ အလွန်ပြင်းစွာသောရောဂါစွဲလိမ့်မည်။
9:4 ထာဝရဘုရားသည်၊ ဣသရေလလူတို့၏တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကိုခြားနားစေသဖြင့်၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တစ်ကောင်မျှမသေရ။
9:5 နက်ဖြန်နေ့၊ အဲဂုတ္တုပြည်၌ ထိုအမှုကိုထာဝရဘုရားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက်တော်မူပြီဟု ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်အကြောင်းကိုပြောလော့ဟု မောရှေအားမိန့်တော်မူ၏။
9:6 နက်ဖြန်နေ့၌ ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုးသေကြ၏။ ဣသရေလလူတို့၏ တိရစ္ဆာန်တစ်ကောင်မျှမသေ။
9:7 ဖာရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသရေလအမျိုးသားတို့၏ တိရစ္ဆာန်တစ်ကောင်မျှ မသေကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။
9:8 ထာဝရဘုရားကလည်း၊ မီးဖိုထဲကပြာကိုလက်နှင့်ယူ၍ မောရှေသည် ဖာရောဘုရင်ရှေ့၌ မိုးကောင်းကင်သို့ပစ်လွှင့်စေ။
9:9 ထိုပြာသည် အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ နှံ့ပြားသောအမှုန့်ဖြစ်၍၊ ပြည်တစ်လျှောက်လုံးတွင် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လိမ့်မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အတိုင်း၊
9:10 သူတို့သည်မီးဖိုထဲကပြာကိုယူ၍၊ ဖာရောဘုရင်ရှေ့မှာရပ်လျက်၊ မောရှေသည် မိုးကောင်းကင်သို့ပစ်လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လေ၏။
9:11 ဝိဇ္ဇာဆရာတို့သည်အနာဆိုးကြောင့်၊ မောရှေရှေ့၌ မရပ်မနေနိုင်။ ထိုအနာဆိုးသည် ဝိဇ္ဇာဆရာတို့၌လည်းကောင်း၊ အဲဂုတ္တုလူအပေါင်းတို့၌လည်းကောင်းစွဲသတည်း။
9:12 ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအားမိန့်တော်မူသည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲနေလေ၏။
9:13 တစ်ဖန်ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖာရောဘုရင်ရှေ့မှာရပ်လျက်၊ ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။
9:14 သို့မဟုတ် ယခုကာလအခါသင်၏နှလုံး၌လည်းကောင်း၊ သင်၏ကျွန်များ၊ လူများ၌လည်းကောင်း၊ ငါ၏ဘေးဒဏ်အလုံးစုံတို့ကို သင့်ရောက်စေမည်။ မြေကြီးတစ်လျှောက်လုံး၌ ငါကဲ့သို့သောသူမရှိကြောင်းကို သင်သည်သိရလိမ့်မည်။
9:15 ငါ့လက်ကိုငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။ သင့်ကိုလည်းမြေကြီးပေါ်က သုတ်သင်ပယ်ရှင်းမည်။
9:16 အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ငါပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာလည်းကောင်း၊ သင့်ကိုငါချီးမြှောက်ခဲ့ပြီ။
9:17 သင်သည်ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကိုစော်ကားသေးသလော။
9:18 ကြည့်ရှုလော့။ အဲဂုတ္တုပြည်တည်သည်ကာလမှစ၍ ယခုတိုင်အောင် မရွာဖူးသော အလွန်ကြီးစွာသော မိုးသီးရွာခြင်းကို နက်ဖြန်နေ့ဤအချိန်၌ ငါဖြစ်စေမည်။
9:19 ထိုကြောင့် ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့မဆောင်လျှင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာမိုးသီးကျ၍၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
9:20 ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ကျွန်တို့သည်၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ပြေးစေကြ၏။
9:21 ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ပမာဏမပြုသောသူတို့သည်၊ မိမိကျွန်၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင်၌ထားကြ၏။
9:22 ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ လူတို့အပေါ်မှာလည်းကောင်း၊ တိရစ္ဆာန်တို့အပေါ်မှာလည်းကောင်း၊ လယ်ပြင်၌ရှိလေသမျှသောအပင်များအပေါ်မှာလည်းကောင်း၊ မိုးသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။
9:23 မောရှေသည်မိမိလှံတံကို မိုးကောင်းကင်သို့ဆန့်၍၊ ထာဝရဘုရားသည် မိုးကြိုးနှင့်မိုးသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာပြေးလေ၏။ ထိုသို့ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌ မိုးသီးရွာစေတော်မူသဖြင့်၊
9:24 အဲဂုတ္တုပြည်တည်ထောင်သည်ကာလမှစ၍ တစ်ခါမျှမဖြစ်ဖူး သော မိုးသီး၊ မီးနှင့်ရော၍ အလွန်ပြင်းထန်စွာသော မိုးသီးဖြစ်လေ၏။
9:25 အဲဂုတ္တုပြည်တစ်လျှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များတို့ကို မိုးသီးထိလေ၏။
9:26 သို့ရာတွင် ဣသရေလအမျိုးသားနေရာ ဂေါရှင်ပြည်၌ မိုးသီးမကျမရွာ။
9:27 ထိုအခါ ဖာရောဘုရင်သည်လူကိုစေလွှတ်၍၊ မောရှေနှင့်အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ငါပြစ်မှားပြီ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။
9:28 တန်ပါပြီ။ အားကြီးသောမိုးကြိုးနှင့် မိုးသီးစဲမည်အကြောင်း၊ ထာဝရဘုရားကိုတောင်းပန်ပါ။ သင်တို့ကိုငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။
9:29 မောရှေကလည်း၊ မြို့ထဲကကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုအစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုးကြိုးစဲလိမ့်မည်။ မိုးသီးလည်းမကျမရွာရ။
9:30 သို့သော်လည်းကိုယ်တော်နှင့် ကိုယ်တော်၏ကျွန်တို့သည်၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေးကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို၏။
9:31 ပိုက်ဆန်ပင်၊ မုယောပင်ကိုမိုးသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆန်ပင်လည်းအသီးမှည့်ပြီ။
9:32 ဂျုံစပါး၊ ကောက်စပါးပင်ကိုကားမထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။
9:33 မောရှေသည် ဖာရောဘုရင်ထံမှထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကိုဖြန့်သဖြင့်၊ မိုးကြိုးနှင့်မိုးသီးစဲလေ၏။ မြေပေါ်၌လည်း မိုးမရွာ။
9:34 ထိုသို့မိုးမရွာ၍ မိုးသီးနှင့်မိုးကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင်၊ တစ်ဖန်ပြစ်မှား၍၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ၏။
9:35 ထိုသို့ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း။