Exodus 12
12:1 ထာဝရဘုရားသည် အဲဂုတ္တုပြည်၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊
12:2 ဤလသည် သင်တို့၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပထမလဖြစ်ရမည်။
12:3 သင်တို့သည် ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား၊ ဤလဆယ်ရက်နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တစ်အိမ်ထောင်လျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။
12:4 အိမ်ထောင်ငယ်၍ သိုးသငယ်တစ်ကောင်နှင့် မတန်လျှင်၊ နီးစပ်သောအိမ်နီးချင်းနှင့် စပ်ဖက်၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီးလျှင်၊ တစ်ကောင်ကို စားလောက်သောသူများကိုထောက်၍ သိုးသငယ်တစ်ကောင်ကို ယူရမည်။
12:5 သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသောအကောင်သည် အပြစ်မပါ၊ အခါလည်သော အထီးဖြစ်ရမည်။
12:6 ထိုသိုးသငယ်တို့ကို၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ၊ ညဥ့်ဦးအချိန်၌ ဣသရေလအမျိုးအစည်းအဝေးပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။
12:7 သိုးသငယ်၏အသားကို စားရသောအိမ်၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌၊ သိုးသငယ်၏အသွေးကိုယူ၍ ထိုးရမည်။
12:8 အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညချင်းတွင်တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
12:9 အသားစိမ်းသည်ဖြစ်စေ၊ ရေနှင့်ပြုတ်သည်ဖြစ်စေ မစားရ။ ခေါင်း၊ ခြေထောက်၊ အသည်း၊ နှလုံးစသည်တို့နှင့်တကွ၊ မီးကင်ပြီးမှ စားရမည်။
12:10 နံနက်တိုင်အောင် ထိုအသားကိုမကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည်။
12:11 အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ခြေနင်းကိုစီးလျက်၊ တောင်ဝှေးကိုကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။
12:12 အကြောင်းမူကား၊ ယနေ့ညတွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများအပေါင်းတို့ကိုဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ဘုရားတို့ကို တရားစီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။
12:13 သိုးသငယ်၏အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကိုငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့အဲဂုတ္တုပြည်ကို ငါသည်ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကိုမသင့်မရောက်ရ။
12:14 ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဖို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအားပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကိုအစဉ်အမြဲခံရကြမည်။
12:15 ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားရမည်။ ပထမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပထမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။
12:16 ပထမနေ့၌လည်းကောင်း၊ ခုနစ်ရက်နေ့၌လည်းကောင်း၊ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ ထိုနေ့ရက်၌ လူတိုင်းစားခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတစ်ပါး အခြားသောအလုပ်ကို မလုပ်မဆောင်ရ။
12:17 ထိုအဇုမပွဲကိုခံရသောအကြောင်းဟူမူကား၊ ထိုနေ့ရက်၌ သင်တို့ ဗိုလ်ခြေများကို၊ အဲဂုတ္တုပြည်ထဲက ငါနုတ်ဆောင်သည်ဖြစ်၍၊ ထိုအကြောင်းကြောင့် ပညတ်တော်ရှိသည်အတိုင်း၊ သင်တို့၏အမျိုးအစဉ်အဆက်မပြတ် ထိုနေ့ရက်ကို အမြဲစောင့်ရကြမည်။
12:18 ပထမလဆယ်လေးရက်နေ့ ညဥ့်ဦးမှစ၍ နှစ်ဆယ်တစ်ရက်နေ့ ညဥ့်ဦးတိုင်အောင်၊ သင်တို့သည် တဆေးမပါသောမုန့်ကို စားရကြမည်။
12:19 ခုနစ်ရက်ပတ်လုံး သင်တို့အိမ်များ၌ တဆေးမရှိရ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ တစ်ကျွန်းတစ်နိုင်ငံသားဖြစ်စေ၊ ပြည်သားဖြစ်စေ၊ ဣသရေလအမျိုးပရိသတ်မှ ပယ်ရှင်းခြင်းကိုခံရမည်။
12:20 သင်တို့နေရာအရပ်ရပ်တို့၌ တဆေးပါသောမုန့်ကို မစားရ။ တဆေးမပါသောမုန့်ကိုသာစားရမည်ဟု မိန့်တော်မူ၏။
12:21 ထိုအခါ မောရှေသည်ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့သည် အိမ်ထောင်များအသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကိုယူ၍ ပသခါပွဲဖို့သတ်ကြလော့။
12:22 ဟုဿုပ်ပင်ညွန့်တစ်စည်းကိုယူ၍ အင်တုံ၌ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင်၊ တံခါးထုပ်တံခါးတိုင်နှစ်ဖက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက်မသွားရ။
12:23 အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကိုဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခပ်သွားတော်မူမည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌ရှိသော အသွေးကိုမြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကိုလွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကိုဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။
12:24 သင်တို့နှင့် သင်တို့၏သားများ၌ ပညတ်တော်ရှိသည်ဖြစ်၍၊ ဤအမှုကို အစဉ်အမြဲစောင့်ရကြမည်။
12:25 ကတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားပေးတော်မူလတ္တံ့သောပြည်သို့ သင်တို့သည်ရောက်ကြသောအခါ ဤဝတ်ကိုပြုရမည်။
12:26 သင်တို့၏သားမြေးတို့က၊ ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းကြလျှင်၊
12:27 ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကိုဒဏ်ခတ်၍၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ၊ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား၏ ပသခါယဇ်ဖြစ်သတည်းဟု ပြန်ပြောရကြမည်ဟု မောရှေဆိုပြီးလျှင်၊ ထိုသူတို့သည်ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။
12:28 ထိုသို့ မောရှေနှင့်အာရုန်တို့ကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။
12:29 သန်းခေါင်အချိန်၌၊ ထာဝရဘုရားသည် နန်းထိုင်သောဖာရောဘုရင်၏သားဦးမှစ၍ ထောင်ထဲမှာအချုပ်ခံရသော သူ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ သားဦးရှိသမျှကိုလည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးရှိသမျှကိုလည်းကောင်း ဒဏ်ခတ်တော်မူ၏။
12:30 ထိုညတွင်၊ ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ အဲဂုတ္တုလူများတို့သည်ထကြ၍၊ အသေကောင်ကင်းသော အိမ်တစ်အိမ်မျှမရှိသောကြောင့်၊ အဲဂုတ္တုပြည်၌ ကြီးစွာသော ငိုကြွေးခြင်းဖြစ်လေ၏။
12:31 ထိုညချင်းတွင် မောရှေနှင့် အာရုန်ကိုခေါ်တော်မူလျှင်၊ သင်တို့မှစ၍ ဣသရေလအမျိုးသားတို့၊ ထ၍ ငါ့လူစုထဲကထွက်သွားကြလော့။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရားအားသွား၍ ဝတ်ပြုကြလော့။
12:32 သင်တို့တောင်းသည်အတိုင်း သိုးနွားများကိုယူ၍သွားကြလော့။ ငါ့ကိုလည်း ကောင်းချီးပေးကြလော့ဟု မိန့်တော်မူ၏။
12:33 အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ၏။
12:34 ထိုလူတို့သည် တဆေးမရောသေးသောမုန့်စိမ်းကိုယူ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွထုပ်၍ထမ်းကြ၏။
12:35 မောရှေစီရင်သည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာများကို အဲဂုတ္တုလူတို့၌တောင်းကြ၏။
12:36 တောင်းသည်အတိုင်းလည်း၊ ပေးချင်သောစေတနာစိတ်ကို အဲဂုတ္တုလူတို့အား ထာဝရဘုရားပေးတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ ဥစ္စာများကိုလုယူကြ၏။
12:37 ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကိုမဆိုဘဲ၊ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှရှိသောသူတို့သည်၊ ရာမသက်မြို့မှထွက်၍ သုကုတ်အရပ်သို့ ခရီးသွားကြ၏။
12:38 အမျိုးမျိုးသောလူအများတို့သည်လည်း၊ သိုးနွားအစရှိသော များစွာသောတိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ၏။
12:39 တဆေးမရောဘဲ အဲဂုတ္တုပြည်မှဆောင်ခဲ့သော မုန့်စိမ်းကိုယူ၍၊ တဆေးမပါသောမုန့်ကိုဖုတ်ရကြ၏။ အကြောင်းမူကား၊ အဲဂုတ္တုပြည်၌ မနွှဲမဖင့် အနှင်ခံရသောကြောင့်၊ ကိုယ်စားစရာကိုမပြင်မီကြ။
12:40 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်၍၊ တည်နေကြသောကာလ နှစ်ပေါင်းလေးရာသုံးဆယ် ဖြစ်သတည်း။
12:41 အနှစ်လေးရာသုံးဆယ်စေ့သောနေ့ချင်းတွင်၊ ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်းတို့သည်၊ အဲဂုတ္တုပြည်မှထွက်သွားကြ၏။
12:42 အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသောအတွက်ကြောင့်၊ ထိုနေ့ညကို အထူးသဖြင့် ထာဝရဘုရား၌စောင့်စရာကောင်း၏။ ဣသရေလအမျိုးသားတို့၏ အမျိုးအစဉ်အဆက်မပြတ် စောင့်ရသော ထာဝရဘုရား၏ညကား၊ ဤသည်ညပေတည်း။
12:43 ပသခါပွဲတရားဟူမူကား၊ တစ်ပါးအမျိုးသားမစားရ။
12:44 သို့ရာတွင် ငွေနှင့်ဝယ်သောကျွန်သည် အရေဖျားလှီးမင်္ဂလာကိုခံပြီးလျှင် စားရ၏။
12:45 တစ်ကျွန်းတစ်နိုင်ငံသားဖြစ်စေ၊ အခစားသောကျွန်ဖြစ်စေ၊ မစားရ။
12:46 တစ်အိမ်တည်း၌တစ်ကောင်ကိုစားရ၏။ အသားကိုအိမ်ပြင်သို့ယူမသွားရ။ အရိုးကိုလည်းမချိုးရ။
12:47 ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ထိုပွဲကိုခံရကြမည်။
12:48 သင်တို့ထံမှာတည်းခိုသော တစ်ပါးအမျိုးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲကိုခံခြင်းငှာအလိုရှိလျှင်၊ သူ၌ရှိသောယောက်ျားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကိုခံကြစေ။ သို့ပြီးမှထိုသူသည် ပြည်သားကဲ့သို့ဖြစ်သောကြောင့်၊ ချဉ်း၍ထိုပွဲသို့ဝင်စေ။ အရေဖျားလှီးမင်္ဂလာကိုမခံသောသူမည်သည်ကား၊ ထိုပွဲ၌ဝင်၍ မစားရ။
12:49 အမျိုးသားချင်းဖြစ်သောသူ၊ သင်တို့တွင်တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူတို့သည်၊ တစ်ပါးတည်းသောတရားနှင့်ဆိုင်ကြ၏ဟု ထာဝရဘုရားသည် မောရှေနှင့်အာရုန်၌ ပညတ်ထားတော်မူ၏။
12:50 ထိုသို့ မောရှေနှင့်အာရုန်၌ ထာဝရဘုရားပညတ်ထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ပြုကြ၏။
12:51 ထိုနေ့ချင်းတွင် ထာဝရဘုရားသည်၊ ဣသရေလအမျိုးသားဗိုလ်ခြေတို့ကို အဲဂုတ္တုပြည်မှဆောင်သွားတော်မူပြီးလျှင်၊