Exodus 13
13:1 မောရှေကိုခေါ်၍ ဣသရေလအမျိုးသားတို့တွင် အဦးဖွားသောသူ၊
13:2 လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါ့အဖို့သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။
13:3 မောရှေကလည်း၊ သင်တို့သည်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှထွက်သွားသော ဤနေ့ရက်ကိုအောက်မေ့ကြလော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှနုတ်ဆောင်တော်မူပြီ။ တဆေးပါသောမုန့်ကိုမစားရ။
13:4 အဗိဗလ၊ ယနေ့၌ပင်သင်တို့သည် ထွက်လာကြပြီ။
13:5 သင်တို့အားပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရားကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာတည်းဟူသော နို့နှင့် ပျားရည်စီးသောပြည်သို့ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကိုပြုရကြမည်။
13:6 ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရဘုရားအဖို့ပွဲခံရကြမည်။
13:7 တဆေးမပါသောမုန့်ကိုစားရသောခုနစ်ရက်ပတ်လုံး သင်တို့၌ တဆေးကို မတွေ့မမြင်ရ။ သင်တို့နေသောအရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။
13:8 ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့်ဤသို့ပြုရ၏ဟု ထိုနေ့၌သားမြေးတို့အား ကြားပြောရမည်။
13:9 ထာဝရဘုရား၏တရားသည်၊ သင်၏နှုတ်၌တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဖို့ရာဖြစ်ရမည်။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူပြီ။
13:10 ထိုကြောင့်စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌ နှစ်စဉ်အတိုင်း စောင့်ရကြမည်။
13:11 သင်တို့၌လည်းကောင်း၊ ဘိုးဘေး၌လည်းကောင်း၊ ကျိန်ဆိုတော်မူသည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့ကိုပို့ဆောင်၍၊ ထိုပြည်ကိုပေးသနားတော်မူသောအခါ၊
13:12 သင်တို့၌ အဦးဖွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသောတိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဖို့ အသီးအခြားခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ဥစ္စာဖြစ်ရကြမည်။
13:13 မြည်းမ၌ အဦးဖွားသောမြည်းသငယ်ကို၊ သိုးသငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ်လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။
13:14 နောင်ကာလ၌သင်၏သားကလည်း၊ အဘယ်သို့နည်းဟုမေးမြန်းလျှင်၊ သင်ကလည်းကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကိုနုတ်ဆောင်တော်မူ၏။
13:15 ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူမလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဖွားသော တိရစ္ဆာန်အထီးရှိသမျှတို့ကို ထာဝရဘုရားအားယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကိုရွေးရမည်ဟု ပြန်ဆိုရမည်။
13:16 ဤအရာသည်လည်း၊ သင်၏လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျစ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူပြီဟု လူများတို့အားပြောဆိုလေ၏။
13:17 ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို လျှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကိုတွေ့မြင်သောအခါစိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။
13:18 ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့်ဝိုင်း၍ ဆောင်တော်မူ၏။ ဣသရေလအမျိုးသားတို့သည်၊ ခင်းကျင်းသောတပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။
13:19 အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ်ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကို မောရှေသည် မိမိ၌ယူဆောင်လေ၏။
13:20 တစ်ဖန်သူတို့သည် သုကုတ်အရပ်မှထွက်သွား၍ တောအနား၊ ဧသံမြို့၌ စခန်းချကြ၏။
13:21 သူတို့သည်နေ့ညသွားနိုင်အောင် ထာဝရဘုရားသည်နေ့၌ကား၊ လမ်းပြဖို့ မိုးတိမ်တိုင်အားဖြင့်လည်းကောင်း၊ ည၌ကား၊ အလင်းပေးဖို့မီးတိုင်အားဖြင့်လည်းကောင်း၊ သူတို့ရှေ့ကကြွတော်မူ၏။
13:22 နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။