Exodus 15
15:1 ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသော စကားဟူမူကား၊ ထာဝရဘုရားသည်ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အားသီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့လှဲချတော်မူပြီ။
15:2 ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင်ဖြစ်တော်မူ၍၊ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်ဖြစ်တော်မူ၍၊ ငါချီးမြှောက်ပါမည်။
15:3 ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။ ထာဝရဘုရားတည်းဟူသော နာမတော်ရှိတော်မူ၏။
15:4 ဖာရောဘုရင်၏ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့လှဲချတော်မူပြီ။ ရွေးသောဗိုလ်မင်းတို့သည်၊ ဧဒုံပင်လယ်ထဲ၌ မြုပ်လျက်ရှိကြ၏။
15:5 နက်စွာသောအရပ်၌ လွှမ်းမိုးလျက်ရှိကြ၏။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ၏။
15:6 အိုထာဝရဘုရား၊ လက်ယာလက်တော်သည် တန်ခိုးအားဖြင့်ဘုန်းကြီးတော်မူ၏။ အိုထာဝရဘုရား၊ လက်ယာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။
15:7 ကိုယ်တော် တစ်ဖက်၌ထသောသူတို့ကို၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကိုလွှတ်၍၊ သူတို့ကိုအမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။
15:8 နှာခေါင်းတော်လေအားဖြင့် ရေသည်စုဝေး၍၊ စီးသောရေသည်ပုံ့ပုံ့ကြွ၍၊ ပင်လယ်၏အထဲ၌ပင် နက်သောရေသည်တောင့်မာလျက်နေရ၏။
15:9 ရန်သူက၊ ငါလိုက်မည်။ သူတို့ကိုမီလိမ့်မည်။ လုယူသောဥစ္စာကိုဝေ၍ သူတို့၌ ငါချင်ရဲပြေလိမ့်မည်။ ဓားကိုအိမ်မှထုတ်၍ သူတို့ကို ငါ့လက်နှင့်ဖျက်ဆီးမည်ဟု ဆိုသတည်း။
15:10 ကိုယ်တော်သည် လေကိုမှုတ်တော်မူသဖြင့်၊ ပင်လယ်သည် သူတို့ကို လွှမ်းမိုး၍ သူတို့သည်အားကြီးသောရေထဲမှာ ခဲကဲ့သို့ဆင်းကြလေ၏။
15:11 အိုထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကိုခံစဉ်တွင်၊ ကြောက်မက်ဖွယ်ဖြစ်တော်မူထသော၊ အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရားတူပါသနည်း။
15:12 လက်ယာလက်တော်ကိုဆန့်တော်မူသဖြင့်၊ သူတို့ကိုမြေမျိုလေ၏။
15:13 ရွေးတော်မူသောလူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသောနေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။
15:14 လူမျိုးတို့သည်သတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ရောက်ကြလိမ့်မည်။
15:15 ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။
15:16 အိုထာဝရဘုရား၊ ကိုယ်တော်၏လူတို့သည်လွန်သွားသောအခါ၊ ရွေးတော်မူသောကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည်ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။
15:17 အိုထာဝရဘုရား၊ အမွေခံတော်မူရာတောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဖို့ ဖန်ဆင်းတော်မူသောအရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အိုထာဝရဘုရား၊ လက်တော်နှင့်တည်တော်မူသော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
15:18 ထာဝရဘုရားသည် ကာလအစဉ်အမြဲစိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ၏။
15:19 အကြောင်းမူကား၊ ဖာရောဘုရင်၏မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင်၍၊ ထာဝရဘုရားသည် သူတို့အပေါ်မှာ ပင်လယ်ရေကိုလွှမ်းမိုးစေတော်မူ၏။ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာလျှောက်သွားကြ၏။
15:20 အာရုန်၏အစ်မဖြစ်သော ပရောဖက်မမိရိအံသည် ပတ်သာကိုကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက်လိုက်သွားကြ၏။
15:21 မိရိအံကလည်း၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အားသီချင်းဆိုကြလော့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့လှဲချတော်မူပြီဟု သူတို့နှင့်အသံပြိုင်၍ဆိုလေ၏။
15:22 ထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကိုမတွေ့မရကြ။
15:23 မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည်ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကို မာရဟုသမုတ်ကြသတည်း။
15:24 လူများတို့သည် မောရှေကိုအပြစ်တင်၍မြည်တမ်းလျက်၊ အဘယ်သို့ သောက်ရပါမည်နည်းဟုဆိုကြ၏။
15:25 မောရှေသည် ထာဝရဘုရားအားအော်ဟစ်၍ ထာဝရဘုရားသည် သစ်ပင်တစ်ပင်ကိုပြတော်မူ၏။ ထိုအပင်ကိုရေထဲသို့ချပြီးလျှင်၊ ရေသည်ချိုလေ၏။ ထိုအရပ်၌ သူတို့ကိုစုံစမ်း၍ စီရင်ထုံးဖွဲ့တော်မူသည်ကား၊
15:26 သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူသောအကျင့်ကို ကျင့်လျှင်လည်းကောင်း၊ ပညတ်တရားတော်အလိုသို့လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင်လည်းကောင်း၊ ငါသည် အဲဂုတ္တုလူတို့၌စွဲစေသော ရောဂါတစ်စုံတစ်ခုကိုမျှ သင်တို့၌မစွဲစေ။ ငါသည် သင်တို့၏ရောဂါကိုငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
15:27 ထိုနောက်မှ ရေတွင်းဆယ်နှစ်တွင်း၊ စွန်ပလွံပင်ခုနစ်ဆယ်နှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ရောက်၍၊ ထိုအရပ်တွင် ရေရှိရာအနားမှာတပ်ချကြ၏။