Exodus 16
16:1 တစ်ဖန် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှထွက်သွားသောနောက်၊ ဒုတိယလဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင်စပ်ကြားမှာ သိန်တောသို့ရောက်ကြ၏။
16:2 ထိုတော၌ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့က၊
16:3 ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သောအိုးကင်းနားမှာထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏လက်တော်ဖြင့်သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။
16:4 ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဖို့ မိုးကောင်းကင်က မုန့်မိုးကိုရွာစေမည်။ လူတို့သည်နေ့တိုင်းထွက်၍ တစ်နေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်းကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကိုငါစုံစမ်းမည်။
16:5 နေ့တိုင်းသိမ်းယူသောအရာထက်၊ ခြောက်ရက်မြောက်သောနေ့၌ နှစ်ဆကို သိမ်းယူ၍ပြင်ရကြမည်ဟု မောရှေအားမိန့်တော်မူ၏။
16:6 မောရှေနှင့်အာရုန်တို့ကလည်း၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်တော်မူသည်ဟု ယနေ့ညဥ့်ဦးယံ၌ သင်တို့သိကြလိမ့်မည်။
16:7 နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကိုအပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အားဆိုလေ၏။
16:8 တစ်ဖန်လည်းမောရှေက၊ ထာဝရဘုရားသည် ညဥ့်ဦးယံ၌ သင်တို့စားစရာအမဲသားကိုလည်းကောင်း၊ နံနက်ယံ၌ဝလောက်အောင် မုန့်ကိုလည်းကောင်း ပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက်မြည်တမ်းကြသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့သောသူဖြစ်သနည်း။ သင်တို့သည်အပြစ်တင်လျက် မြည်တမ်းကြသော စကားသည်၊ ငါတို့ကိုမထိမခိုက်၊ ထာဝရဘုရားကိုထိခိုက်သည်ဟု ဆိုလေ၏။
16:9 တစ်ဖန်သင်တို့သည်အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည်ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း၊
16:10 အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့မျှော်ကြည့်၍၊ မိုးတိမ်၌ထင်ရှားသော ထာဝရဘုရား၏ဘုန်းတော်ကို မြင်ရကြ၏။
16:11 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကိုငါကြားရပြီ။
16:12 ညဥ့်ဦးယံ၌ သင်တို့သည်အမဲသားကို စားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့်ဝရကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့ကိုပြောလော့ဟု မောရှေအားမိန့်တော်မူ၏။
16:13 ညဥ့်ဦးယံ၌ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြားတက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည်အရပ်ရပ်တွင် နှင်းကျလျက်ရှိ၏။
16:14 နှင်းတက်ပြီးသောအခါ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာရှိရစ်လေ၏။
16:15 ထိုအရာကို ဣသရေလအမျိုးသားတို့သည်မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တစ်ယောက်ကိုတစ်ယောက်မေးကြ၏။ မောရှေကလည်း၊ ဤအရာသည်သင်တို့စားစရာဖို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။
16:16 လူတိုင်း မိမိတဲ၌ရှိသောသူအရေအတွက်နှင့်အညီ၊ လူအသီးအသီးစားလောက်အောင် တစ်ယောက်တစ်ဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
16:17 ဣသရေလအမျိုးသားတို့သည်ထိုသို့ပြု၍၊ အနည်းအများအလိုက် သိမ်းယူကြ၏။
16:18 ဩမဲတောင်းနှင့်ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီးတို့သည် စားလောက်အောင်သိမ်းယူကြ၏။
16:19 မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှမကျန်စေနှင့်ဟု ဆိုသော်လည်း၊
16:20 အချို့တို့သည် မောရှေစကားကိုနားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍နံလေသော်၊ မောရှေသည် အမျက်ထွက်၏။
16:21 ထိုသူအသီးအသီးတို့သည် နေ့တိုင်းမိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါအရေဖြစ်လေ၏။
16:22 ခြောက်ရက်မြောက်သောနေ့၌၊ မုန့်နှစ်ဆတည်းဟူသော တစ်ယောက်နှစ်ဩမဲစီ သိမ်းရကြ၏။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအားကြားပြောလေ၏။
16:23 သူကလည်း၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝပ်စွာနေရသောနေ့ဖြစ်၏။ မုန့်ကိုပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်းပြုတ်ကြလော့။ ကျန်သောအရာကို နံနက်တိုင်အောင်စောင့်၍ သိုထားကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
16:24 မောရှေမှာထားသည်အတိုင်း၊ နံနက်တိုင်အောင်သိုထားကြ၏။ နံခြင်းနှင့်ကင်းလွတ်၏။ ပိုးလည်းမရှိ။
16:25 မောရှေကလည်း၊ ကျန်သောအရာကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ယနေ့တွင် ထိုအရာကိုတော၌မတွေ့ရ။
16:26 ခြောက်ရက်ပတ်လုံးသိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟုဆိုလေ၏။
16:27 ခုနစ်ရက်မြောက်သောနေ့၌၊ အချို့တို့သည်သိမ်းယူခြင်းငှာ ထွက်သွားရာတွင်၊ ရှာ၍မတွေ့ရကြ။
16:28 ထာဝရဘုရားကလည်း၊ သင်တို့သည်ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြလိမ့်မည်နည်း။
16:29 ထာဝရဘုရားသည်ဥပုသ်နေ့ကို သင်တို့အားပေးတော်မူပြီ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက်မုန့်ကိုပေးတော်မူ၏။ လူတိုင်း မိမိနေရာ၌နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအားမိန့်တော်မူ၏။
16:30 ထိုကြောင့် လူများတို့သည်ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။
16:31 ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသောမုန့်ကြွပ်နှင့် အရသာတူ၏။
16:32 မောရှေကလည်း၊ သင်တို့ကိုအဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သောအခါ၊ တော၌ သင်တို့အားကျွေးသောမုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ၊ သူတို့အဖို့သိုထားရသော ဩမဲတစ်ဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
16:33 တစ်ဖန်အာရုန်ကိုလည်း၊ အိုးတစ်လုံးကိုယူ၍ မန္နတစ်ဩမဲကိုအပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုးအစဉ်အဆက်ဖို့စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ဟုဆို၍၊
16:34 မောရှေကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာသိုထားလေ၏။
16:35 ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့မရောက်မီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံး မန္နကိုစားကြ၏။ ခါနာန်ပြည်နယ်နိမိတ်သို့ မရောက်မီတိုင်အောင် မန္နကိုစားကြ၏။
16:36 ဩမဲမူကား၊ ဧဖာဆယ်စုတစ်စုဖြစ်သတည်း။