Exodus 20
20:1 ထိုအခါ ဘုရားသခင်မိန့်တော်မူသော စကားများဟူမူကား၊
20:2 ငါသည် သင့်ကို ကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။
20:3 ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
20:4 အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။
20:5 ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်သောဘုရား၊
20:6 ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကိုပြသော ဘုရားဖြစ်၏။
20:7 သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။
20:8 ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုအောက်မေ့လော့။
20:9 ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။
20:10 သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား၊ မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။
20:11 အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။
20:12 သင်၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။
20:13 လူအသက်ကို မသတ်နှင့်။
20:14 သူ့မယားကို မပြစ်မှားနှင့်။
20:15 သူ့ဥစ္စာကို မခိုးနှင့်။
20:16 ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။
20:17 ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ ကျွန်ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏။
20:18 လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့်ရွှေ့၍ အဝေး၌ရပ်နေကြ၏။
20:19 မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။
20:20 မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကိုကြောက်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အားပြောဆို၏။
20:21 လူများတို့သည်လည်း အဝေး၌ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သောမှောင်မိုက်သို့ ချဉ်းကပ်လေ၏။
20:22 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။
20:23 ငါ့ကိုကိုးကွယ်သောအမှု၌ ကိုယ်သုံးဖို့ ငွေဘုရား၊ ရွှေဘုရားကိုမလုပ်ရ။
20:24 ငါ့အဖို့မြေယဇ်ပလ္လင်ကို တည်ရမည်။ ထိုပလ္လင်ပေါ်မှာ သင်၏မီးရှို့သောယဇ်၊ မိတ်သဟာယယဇ် တည်းဟူသော သင်၏သိုးနွားတို့ကို ယဇ်ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့နာမကို ကိုးကွယ်ရာအရပ်ခပ်သိမ်းတို့၌၊ သင့်ဆီသို့ငါကြွလာ၍ ကောင်းချီးပေးမည်။
20:25 သင်သည် ကျောက်ယဇ်ပလ္လင်ကို ငါ့အဖို့တည်လျှင်၊ ဆစ်သောကျောက်ကို မတည်ရ။ သံတန်ဆာပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူးခြင်းရှိ၏။
20:26 သင်၌ ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ၊ ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့်မတက်ရဟု မိန့်တော်မူ၏။