Exodus 19
19:1 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သွားသောနောက်၊ တတိယလ တစ်ရက်နေ့၌ သိနာတောသို့ရောက်ကြ၏။
19:2 ရေဖိဒိမ်အရပ်ကထွက်သွားပြီးမှ သိနာတောသို့ရောက်၍၊ ထိုတော၌ တောင်ရှေ့မှာ တပ်ချကြ၏။
19:3 မောရှေသည် ဘုရားသခင့်ထံတော်သို့တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်ကခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသောအမိန့်တော်ဟူမူကား၊
19:4 ငါသည် အဲဂုတ္တုလူတို့၌ပြုသောအကြောင်း၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း၍ ကိုယ်ဖို့သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။
19:5 ထိုကြောင့် ယခုတွင် သင်တို့သည်ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။
19:6 သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
19:7 မောရှေသည်ပြန်လာ၍ လူတို့တွင် အသက်ကြီးသူတို့ကိုခေါ်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူသော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။
19:8 လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီတညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။
19:9 ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့်ငါပြောသောအခါ လူများတို့သည်ကြား၍ အစဉ်အမြဲ သင့်ကိုယုံမည်အကြောင်း၊ မိုးတိမ်တိုက်၌ သင့်ဆီသို့ငါလာမည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရား၏စကားတော်ကို လူများတို့အား ပြန်ပြောလေ၏။
19:10 ထာဝရဘုရားကလည်း လူတို့ရှိရာသို့သွား၍၊ ယနေ့နှင့် နက်ဖြန်၌ သူတို့ကိုသန့်ရှင်းစေလော့။ သူတို့အဝတ်ကိုလျှော်စေ၍၊
19:11 သုံးရက်မြောက်သောနေ့၌ အသင့်ရှိနေစေလော့။ အကြောင်းမူကား၊ သုံးရက်မြောက်သောနေ့၌ ထာဝရဘုရားသည်လူအပေါင်းတို့ရှေ့၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။
19:12 လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့မတက်၊ တောင်ခြေရင်းကိုမထိရအောင် သတိပြုကြဟု ပြောလော့။ တောင်ကိုထိမိသောသူမည်သည်ကား၊ ဧကန်အမှန်အသေခံစေ။
19:13 ထိုသူကို လက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရကြမည်ဟု မောရှေအား မိန့်တော်မူ၏။
19:14 မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကိုလျှော်ကြ၏။
19:15 မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌ အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အားဆိုလေ၏။
19:16 သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာမိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့်တကွ မိုးတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။
19:17 မောရှေသည်လည်း ဘုရားသခင်နှင့်တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည် တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။
19:18 ထာဝရဘုရားသည်မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တစ်တောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့တက်၍ တစ်တောင်လုံး ပြင်းစွာလှုပ်လေ၏။
19:19 တံပိုးမြည်သံသည်ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည်ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့်ထူးတော်မူ၏။
19:20 ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ခေါ်တော်မူလျှင်၊ မောရှေသည်တက်လေ၏။
19:21 ထာဝရဘုရားကလည်း၊ လူတို့သည်ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည်သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍သတိပေးလော့။
19:22 ထာဝရဘုရားထံသို့ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ်သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအားမိန့်တော်မူ၏။
19:23 မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည်၌စီရင်၍၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအားပြန်လျှောက်လေ၏။
19:24 ထာဝရဘုရားကလည်း၊ ဆင်းသွားလော့။ သင်နှင့် အာရုန်သာလျှင် တက်ရမည်။ ယဇ်ပုရောဟိတ်များ၊ လူများတို့သည် ထာဝရဘုရားထံသို့တက်ခြင်းငှာ မကျော်မဝင်စေနှင့်။ သို့မဟုတ် သူတို့ကိုဒဏ်ခတ်တော်မူမည်ဟု မိန့်တော်မူ၏။
19:25 မောရှေသည်လည်း လူများတို့ရှိရာသို့ဆင်း၍ ကြားပြောလေ၏။