Exodus 23
23:1 သင်သည် မှားသောသတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သောသက်သေကိုမခံရ။
23:2 လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှာမပြောရ။
23:3 ဆင်းရဲသောသူဘက်၌လည်း မငဲ့ကွက်ရ။
23:4 သင်သည် ရန်သူ၏မြင်းနွား လမ်းလွဲသည်ကို တွေ့မြင်လျှင်၊ အမှန်ပြန်ပို့ရမည်။
23:5 သင့်ကို မုန်းသောသူ၏မြည်းသည်၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင်၊ မ မစဘဲနေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။
23:6 သင်၌ ဆင်းရဲသောသူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့်မစီရင်ရ။
23:7 မဟုတ်မမှန်သောအမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား၊ ငါသည်မတရားသောသူကို အပြစ်မလွှတ်။
23:8 သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကိုကွယ်စေ၍၊ ဖြောင့်မတ်သောသူတို့၏စကားကို လွဲစေတတ်၏။
23:9 တစ်ကျွန်းတစ်နိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့်၊ ဧည့်သည်၏စိတ်သဘောကို သိကြ၏။
23:10 ခြောက်နှစ်ပတ်လုံးလယ်လုပ်၍ အသီးကိုသိမ်းရမည်။
23:11 သတ္တမနှစ်တွင် လယ်ကိုမလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့်ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်းတူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်း ပြုရမည်။
23:12 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွားမြည်းတို့သည် ငြိမ်ဝပ်စွာနေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရကြလိမ့်မည်။
23:13 ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲကမြွက်သံကို သူတစ်ပါးမကြားစေနှင့်။
23:14 တစ်နှစ်တွင်သုံးကြိမ် ငါ့အဖို့ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။
23:15 အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်ကထွက်လာသတည်း။ ထိုပွဲကိုခံစဉ် ငါ့ထံသို့အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။
23:16 လယ်လုပ်၍ အသီးအနှံကိုသိမ်းစရှိသည်ကာလ၊ သိမ်းပွဲကိုလည်းကောင်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ၊ နှစ်လဲသောအခါ၊ သိုထားပွဲကိုလည်းကောင်း ခံရမည်။
23:17 သင်တို့တွင် ယောက်ျားအပေါင်းတို့သည်၊ တစ်နှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ မျက်နှာပြရကြမည်။
23:18 ငါ့ယဇ်ကောင်၏အသွေးကို၊ တဆေးပါသောမုန့်နှင့်ရော၍ မပူဇော်ရ။ ငါ့ယဇ်ကောင်ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ။
23:19 သင်၏မြေ၌ အဦးသီးသောအသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
23:20 ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကိုစောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ငါစေလွှတ်၏။
23:21 ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့။ အာဏာတော်ကို မဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည်မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။
23:22 အကယ်စင်စစ် သင်သည်သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ရန်သူတို့ကို ငါသည်ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။
23:23 ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။
23:24 သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင်မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။
23:25 သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ ကောင်းချီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နုတ်ယူပယ်ရှားတော်မူမည်။
23:26 သင်၏ပြည်တွင် ကိုယ်ဝန်ပျက်သောသတ္တဝါ၊ မြုံသော သတ္တဝါနှင့် ကင်းလွတ်လိမ့်မည်။ သင်၏အသက်တန်းကို ငါစုံလင်စေမည်။
23:27 ငါ့ကိုကြောက်တတ်သောသဘောကို သင့်ရှေ့သို့ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့လှည့်စေမည်။
23:28 ပျားတူများကိုလည်း သင့်ရှေ့သို့ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာနှင်ထုတ်ကြလိမ့်မည်။
23:29 ထိုလူများကို တစ်နှစ်ချင်းတွင် သင့်ရှေ့မှာငါမနှင်ထုတ်။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ၍ သားရဲသည်သင့်တစ်ဖက်၌ များပြားလိမ့်မည်။
23:30 သင်သည်တိုးပွား၍ တစ်ပြည်လုံးကို ဝင်စားသည်တိုင်အောင်၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင်ထုတ်မည်။
23:31 သင့်နေရာနယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောမှသည်မြစ်တိုင်အောင်လည်းကောင်း ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့်မည်။
23:32 သူတို့နှင့်လည်းကောင်း၊ သူတို့ဘုရားများနှင့်လည်းကောင်း၊ သင်သည်မိတ်သဟာယမဖွဲ့ရ။
23:33 သင်သည် ငါ့ကိုပြစ်မှားစေခြင်းငှာ၊ သူတို့သည်ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌မနေရကြ။ သင်သည် သူတို့ဘုရားကိုဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။