Exodus 24
24:1 တစ်ဖန်ထာဝရဘုရားက၊ သင်သည် အာရုန်၊ နာဒပ်၊ အဘိဟုအစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်နှင့်တကွ၊ ထာဝရဘုရားထံတော်သို့ တက်၍၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ။
24:2 သင်တစ်ယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူမတက်ရကြဟု မောရှေအားမိန့်တော်မူ၏။
24:3 မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏ စကားတော်အလုံးစုံကိုလည်းကောင်း၊ စီရင်တော်မူချက်အလုံးစုံကိုလည်းကောင်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တစ်သံတည်းပြန်ပြောကြ၏။
24:4 မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ယဇ်ပလ္လင်ကိုလည်းကောင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင် တစ်ဆယ်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။
24:5 ဣသရေလအမျိုးသားလူပျိုတို့ကို စေခိုင်းသည်အတိုင်း၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရားရှေ့မှာ မီးရှို့သောယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ကြ၏။
24:6 မောရှေသည်လည်း၊ အသွေးတစ်ဝက်ကို အင်တုံ၌ထည့်၍၊ တစ်ဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖျန်းလေ၏။
24:7 ပဋိညာဉ်စာကိုလည်းယူ၍၊ ပရိသတ်များရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟု ပြောဆိုကြ၏။
24:8 မောရှေသည်လည်း၊ အသွေးကိုယူ၍ လူများအပေါ်မှာဖျန်းလျက်၊ ဤအသွေးကား ဤအမှုအရာတို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။
24:9 ထိုအခါ မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုအစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့သည်တက်၍၊
24:10 ဣသရေလအမျိုး၏ဘုရားသခင်ကို မြင်ကြ၏။ ခြေတော်အောက်၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့လည်းကောင်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့လည်းကောင်း ထင်လေ၏။
24:11 ဣသရေလအမျိုးသားမှူးမတ်တို့ကို အပြစ်ပေးတော်မမူ။ သူတို့သည် ဘုရားသခင်ကိုမြင်ရသော်လည်း၊ စားသောက်လျက်နေကြ၏။
24:12 ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ လူများတို့အား သွန်သင်ဖို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသောပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအားမိန့်တော်မူလျှင်၊
24:13 မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။
24:14 အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့်ဟုရသည် သင်တို့၌ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့သွားစေဟု မှာထားလေ၏။
24:15 မောရှေသည်တောင်တော်ပေါ်သို့တက်၍၊ မိုးတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။
24:16 ထာဝရဘုရား၏ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုးတိမ်သည် ခြောက်ရက်ပတ်လုံးလွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုးတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကိုခေါ်တော်မူ၏။
24:17 ထာဝရဘုရား၏ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာ လောင်သောမီးကဲ့သို့ ထင်၍၊ ဣသရေလအမျိုးသားတို့သည် မြင်ရကြ၏။
24:18 မောရှေသည် မိုးတိမ်အထဲသို့ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာနေလေ၏။