Exodus 27
27:1 တစ်နည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့် လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။
27:2 ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့်မွမ်းမံရမည်။
27:3 ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်းအစရှိသော ယဇ်ပလ္လင်နှင့်ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်ရမည်။
27:4 ကြေးဝါဆန်ခါကိုလည်းကောင်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကိုလည်းကောင်း လုပ်ပြီးလျှင်၊
27:5 ယဇ်ပလ္လင်ခါးပန်းအောက်၊ အလယ်၌ထားရမည်။
27:6 ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းပိုးတို့ကိုလုပ်၍ ကြေးဝါနှင့်မွမ်းမံပြီးမှ၊
27:7 ယဇ်ပလ္လင်ကိုထမ်းစရာဖို့ တစ်ဖက်တစ်ချက်ကွင်းများ၌ လျှိုထားရမည်။
27:8 တောင်ပေါ်မှာ သင့်အားပြသည်အတိုင်း၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့်လုပ်ရမည်။
27:9 တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင်တစ်ရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကိုလုပ်ရမည်။
27:10 ထိုကုလားကာဖို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေရမည်။
27:11 ထိုနည်းတူ၊ မြောက်ဘက်၌ကာရန် အလျားအတောင်တစ်ရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသောကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။
27:12 ဝင်းအနောက်ဘက်အနံ၌ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တစ်ဆယ်၊ ခြေစွပ်တစ်ဆယ်ရှိရမည်။
27:13 ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါးဆယ်ရှိရမည်။
27:14 တံခါးဝတစ်ဖက်တစ်ချက်၌ ကာရန်၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊
27:15 ခြေစွပ်သုံးခုရှိရမည်။
27:16 ဝင်းတံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။
27:17 ဝင်းပတ်လည်၌တိုင်ရှိသမျှတို့သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။
27:18 ဝင်းသည် အလျားအတောင်တစ်ရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ပိတ်ချောနှင့် ကြေးဝါခြေစွပ်ဖြင့်ပြီးရမည်။
27:19 အမှုတော်ထမ်းဖို့ တဲတော်အသုံးအဆောင်ရှိသမျှကိုလည်းကောင်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကိုလည်းကောင်း ကြေးဝါနှင့်လုပ်ရမည်။
27:20 ပရိသတ်စည်းဝေးရာတဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကိုကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ်မပြတ်မီးထွန်းစရာဖို့၊ သံလွင်သီးကို ထောင်း၍ယူသောသံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့။
27:21 အာရုန်နှင့် သူ၏သားတို့သည်၊ ညဥ့်ဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကိုစီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။