Exodus 26
26:1 တစ်နည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့်ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကိုလုပ်ရမည်။
26:2 ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူရမည်။
26:3 ကုလားကာငါးထည်စီ တစ်စပ်တည်းချုပ်ရမည်။
26:4 ကုလားကာတစ်ထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာပြင်ဘက်မှာ၊ ကုလားကာနားချင်း ဆက်မီရာ၌လည်း ထိုအတူလုပ်ရမည်။
26:5 ကုလားကာတစ်ထည်၌ ကွင်းငါးဆယ်ကိုလည်းကောင်း၊ အခြားသောကုလားကာ အနားဆက်မီရာ၌ ကွင်းငါးဆယ်ကိုလည်းကောင်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။
26:6 ရွှေချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော်တစ်ဆောင်တည်းဖြစ်ရမည်။
26:7 တဲတော်ဖုံးအုပ်ဖို့ အခြားသောကုလားကာ ဆယ်တစ်ထည်ကို ဆိတ်မွေးနှင့်လုပ်ရမည်။
26:8 ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တစ်ထည်တို့သည် အလျားအနံချင်းတူရမည်။
26:9 ကုလားကာငါးထည်တစ်စပ်၊ ခြောက်ထည်တစ်စပ်တည်းချုပ်၍၊ ဆဋ္ဌမကုလားကာကို တဲတော်ဦး၌ခေါက်ထားရမည်။
26:10 ကုလားကာများဆက်မီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတစ်ထည်အနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဆက်မီသောအခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း လုပ်ရမည်။
26:11 ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ကွင်းတို့၌လျှိုပြီးလျှင်၊ အပေါ်တဲတစ်ပိုင်းနှင့် တစ်ပိုင်းပူးတွဲသဖြင့်၊ တဲတစ်ဆောင်တည်းဖြစ်ရမည်။
26:12 ထိုအပေါ်တဲ၌ပိုသော ကုလားကာတစ်ဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။
26:13 အပေါ်တဲ၌ပိုသော ကုလားကာအလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဖို့ တစ်ဖက်တစ်ချက် တစ်တောင်စီတွဲလွဲဆွဲထားရမည်။
26:14 အပေါ်တဲဖုံးအုပ်ဖို့ အနီဆိုးသောသိုးရေကိုလည်းကောင်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကိုလည်းကောင်းလုပ်ရမည်။
26:15 တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည်။
26:16 ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတစ်တောင်ထွာရှိရမည်။
26:17 ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တစ်တန်းတည်းရှိစေခြင်းငှာ လုပ်ရမည်။
26:18 တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကိုလုပ်ရမည်။
26:19 ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တစ်ပြားတစ်ပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဖို့ ငွေခြေစွပ်လေးဆယ်ကို လုပ်ရမည်။
26:20 ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ရှိရမည်။
26:21 ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တစ်ပြားနှစ်ခုစီရှိရမည်။
26:22 တဲတော်အနောက်ဘက်၌ကာရန် ပျဉ်ပြားခြောက်ပြားကိုလည်းကောင်း၊
26:23 ထောင့်တစ်ဖက်တစ်ချက်၌ကာရန် ပျဉ်ပြားနှစ်ပြားကိုလည်းကောင်း လုပ်ရမည်။
26:24 အထက်၌လည်းကောင်း၊ အောက်၌လည်းကောင်း၊ ကွင်းကိုတပ်၍စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။
26:25 ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တစ်ပြားနှစ်ခုစီရှိရမည်။
26:26 တဲတော်၌ကာရသော ပျဉ်ပြားကိုလျှိုစရာဖို့ အကာရှသား ကန့်လန့်ကျင်တို့ကို တစ်ဖက်ငါးချောင်းစီ လုပ်ရမည်။
26:27 တဲတော်နောက်ဖေး၌ ကာရသောပျဉ်ပြားကို လျှိုစရာဖို့ ကန့်လန့်ကျင် ငါးချောင်းကိုလည်းလုပ်ရမည်။
26:28 အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တစ်ဖက်တစ်ချက်၌ ဆုံးစေရမည်။
26:29 ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဖို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့် မွမ်းမံရမည်။
26:30 တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။
26:31 တစ်နည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောကုလားကာတစ်ထည်ကို ချုပ်ရမည်။
26:32 ရွှေချသော အကာရှသားတိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်လည်းကောင်း၊ ငွေခြေစွပ်လေးခုနှင့်လည်းကောင်း ပြည့်စုံရမည်။
26:33 သက်သေခံချက်ထားသောသေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဖို့ ထိုကုလားကာကို ရွှေချောင်းဖြင့်ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြားဖြစ်ရမည်။
26:34 ဟဂျာဟဂျုံအရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။
26:35 ကုလားကာပြင်မှာ စားပွဲကိုထားရမည်။ တဲတော်တောင်ဘက်နားမှာ မီးခုံကိုလည်းကောင်း၊ မြောက်ဘက်နားမှာစားပွဲကိုလည်းကောင်း၊ တစ်ဖက်နှင့် တစ်ဖက်ဆိုင်မိအောင် ထားရမည်။
26:36 တဲတော်တံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာတစ်ထည်ကို လုပ်ရမည်။
26:37 ထိုကုလားကာဖို့ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကိုလုပ်၍ ရွှေနှင့် မွမ်းမံရမည်။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။