Exodus 29
29:1 သူတို့သည် ငါ့ရှေ့၌ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်မည်အကြောင်း၊ အဘယ်သို့ သန့်ရှင်းစေရမည်နည်းဟူမူကား၊ အပြစ်မပါသော နွားသငယ်အထီးနှင့် သိုးနှစ်ကောင်တို့ကိုလည်းကောင်း၊
29:2 တဆေးမပါသောဂျုံမုန့်၊ တဆေးမပါဘဲ ဆီနှင့်လုပ်သောဂျုံမုန့်ပြား၊ တဆေးမပါဘဲ ဆီနှင့်လုပ်သောဂျုံမုန့်ကြွပ်တို့ကိုလည်းကောင်း ယူရမည်။
29:3 ထိုမုန့်များကို တောင်းတစ်လုံးထဲ၌ထည့်ပြီးမှ၊ နွားတစ်ကောင်၊ သိုးနှစ်ကောင်နှင့်တကွ ဆောင်ခဲ့ရမည်။
29:4 အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ခေါ်ခဲ့၍ ရေချိုးရမည်။
29:5 အဝတ်တန်ဆာများကိုယူ၍၊ အင်္ကျီ၊ ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးနှင့် အာရုန်ကိုဝတ်စေ၍၊ ထူးဆန်းသောသင်တိုင်းရင်စည်းနှင့် စည်းရမည်။
29:6 သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ ဗောင်း၌သန့်ရှင်းသောသင်းကျစ်ကို တပ်ရမည်။
29:7 ထိုအခါ လိမ်းစရာဆီကိုယူ၍ သူ၏ခေါင်းပေါ်၌လောင်းသဖြင့် သူ့ကိုလိမ်းရမည်။
29:8 သူ၏သားတို့ကိုလည်း ခေါ်ခဲ့၍ အင်္ကျီဝတ်စေရမည်။
29:9 ခါးပန်းကိုလည်းစည်း၍၊ ဦးထုပ်ကိုလည်းဆောင်းစေပြီးလျှင်၊ သူတို့သည် ထာဝရပညတ်တော်အတိုင်း ယဇ်ပုရောဟိတ်အရာကိုဆိုင်ရမည်။ ထိုသို့ အာရုန်နှင့်သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။
29:10 ထိုနောက်၊ နွားထီးတစ်ကောင်ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည်။
29:11 ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ထာဝရဘုရားရှေ့တော်၌ ထိုနွားကိုသတ်ရမည်။
29:12 အသွေးကိုယူ၍ ယဇ်ပလ္လင်ဦးချိုတို့၌ လက်ညှိုးနှင့်ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။
29:13 အအူကိုဖုံးသောဆီဥရှိသမျှ၊ အသည်းပေါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
29:14 နွား၏အသား၊ အရေ၊ ချေးနုကိုကား၊ တပ်ပြင်မှာမီးရှို့ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်၏။
29:15 သိုးထီးတစ်ကောင်ကိုလည်းယူ၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ရမည်။
29:16 ထိုသိုးကိုသတ်ပြီးလျှင် အသွေးကိုယူ၍ ယဇ်ပလ္လင်အပေါ်နားပတ်လည်၌ ဖျန်းရမည်။
29:17 သိုးကိုလည်းအပိုင်းပိုင်းဖြတ်၍ ဝမ်းထဲ၌ရှိသောအရာနှင့် ခြေတို့ကို ဆေးကြောပြီးလျှင်၊ ခေါင်းနှင့်သားတစ်များကို စုထား၍၊
29:18 သိုးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထာဝရဘုရားအား မီးရှို့သောယဇ်ဖြစ်၏။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာဖြစ်၏။
29:19 အခြားသောသိုးကိုလည်းယူ၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာတင်ရမည်။
29:20 ထိုသိုးကိုသတ်ပြီးလျင် အသွေးကိုယူ၍ အာရုန်၏လက်ယာနားပျဉ်း၌လည်းကောင်း၊ သူ၏သားတို့၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ သူတို့၏လက်ယာလက်မ၌လည်းကောင်း၊ လက်ယာခြေမ၌လည်းကောင်း ထည့်၍၊ ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖျန်းရမည်။
29:21 ယဇ်ပလ္လင်ပေါ်မှာရှိသောအသွေးနှင့် လိမ်းစရာဆီကိုယူ၍ အာရုန်နှင့် သူ၏အဝတ်၌လည်းကောင်း၊ သူ၏သားတို့နှင့် သူတို့အဝတ်၌လည်းကောင်း ဖျန်းသဖြင့်၊ အာရုန်မှစ၍သားများ၊ အဝတ်များတို့သည် သန့်ရှင်းကြလိမ့်မည်။
29:22 ထိုသိုးသည် အရာ၌ခန့်ထားရာသိုးဖြစ်သောကြောင့်၊ ဆီဥ၊ အမြီး၊ အအူကို ဖုံးသောဆီဥ၊ အသည်းပေါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသောဆီဥ၊ လက်ယာပခုံး၊
29:23 ထာဝရဘုရားရှေ့တော်၌ထားသော တဆေးမဲ့မုန့်တောင်းထဲက မုန့်တစ်လုံး၊ ဆီနှင့်လုပ်သောမုန့်ပြားတစ်ပြား၊ မုန့်ကြွပ်တစ်ချပ်ကိုယူ၍၊
29:24 အာရုန်လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာပြုရမည်။
29:25 ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ထာဝရဘုရားရှေ့တော်တွင် မွှေးကြိုင်သောအနံ့ဖြစ်စေခြင်းငှာ၊ ယဇ်ပလ္လင်၌ မီးရှို့ရာယဇ်အပေါ်မှာ ရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သကာဖြစ်၏။
29:26 အာရုန်၏အရာ၌ခန့်ထားရာ သိုး၏ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သကာပြုပြီးမှ၊ သိုး၏ရင်ပတ်သည် သင်၏အဖို့ ဖြစ်ရမည်။
29:27 ထိုသို့ အာရုန်နှင့်သားတို့၏အရာ၌ ခန့်ထားသောသိုးထဲက၊ ချီလွှဲသော ပူဇော်သကာပြု၍၊ ချီလွှဲသောရင်ပတ်ကိုလည်းကောင်း၊ ချီမြှောက်သောပူဇော်သကာပြု၍၊ ချီမြှောက်သောပခုံးကိုလည်းကောင်း သန့်ရှင်းစေပြီးမှ၊
29:28 ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း၊ ဣသရေလအမျိုးသားလှူသော အာရုန်၏အဖို့၊ သူ့သားတို့၏အဖို့ဖြစ်ရမည်။ ဣသရေလအမျိုးသားပြုသော မိတ်သဟာယယဇ်ထဲက၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်၍၊ ချီမြှောက်ရာပူဇော်သကာဖြစ်၏။
29:29 အာရုန်၏ သန့်ရှင်းသောအဝတ်တန်ဆာကို၊ သူ၏သားတို့သည်အမွေခံသဖြင့်၊ ဆီလိမ်းခြင်းမင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသောအခါ၊
29:30 အာရုန်ကိုယ်စား ယဇ်ပုရောဟိတ်လုပ်သောသားသည်၊ သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ဝင်သောအခါ ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။
29:31 အရာ၌ခန့်ထားရာ သိုး၏အသားကိုယူ၍၊ သန့်ရှင်းရာဌာန၌ပြုတ်ပြီးမှ၊
29:32 အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကိုလည်းကောင်း၊ တောင်းထဲ၌ရှိသော မုန့်ကိုလည်းကောင်း၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးနားမှာ စားရကြမည်။
29:33 သူတို့ကိုသန့်ရှင်းစေ၍၊ အရာ၌ခန့်ထားစေခြင်းငှာ၊ အပြစ်ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သောအရာတို့ကို၊ သူတို့သည် စားရကြမည်။ ထိုအရာတို့သည် သန့်ရှင်းသောကြောင့်၊ မဆိုင်သောသူမစားရ။
29:34 အရာ၌ခန့်ထားရာနှင့်ဆိုင်သော အမဲသားဖြစ်စေ၊ မုန့်ဖြစ်စေ၊ နံနက်တိုင်အောင် ကျန်ကြွင်းလျှင်၊ ထိုအကြွင်းကိုမီးရှို့ရမည်။ သန့်ရှင်းသောကြောင့်၊ အဘယ်သူမျှ မစားရ။
29:35 ထိုသို့ငါပညတ်သမျှအတိုင်း အာရုန်နှင့်သူ၏သားတို့အားပြု၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းမင်္ဂလာကို၊ ခုနစ်ရက်ပတ်လုံးဆောင်ရမည်။
29:36 ထိုမှတစ်ပါး၊ အပြစ်ဖြေခြင်းအလိုငှာ၊ နေ့တိုင်း နွားထီးတစ်ကောင်ကိုပူဇော်၍၊ အပြစ်ဖြေရာယဇ်ပြုရမည်။ ထိုသို့ယဇ်ပလ္လင်ဖို့ အပြစ်ဖြေခြင်းကိုပြုပြီးမှ၊ ပလ္လင်ကို စင်ကြယ်စေရမည်။ ထိုနောက် သန့်ရှင်းစေခြင်းငှာ ဆီနှင့်လိမ်းရမည်။
29:37 ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ဖို့ အပြစ်ဖြေခြင်းကိုပြု၍ သန့်ရှင်းစေပြီးမှ၊ အလွန်သန့်ရှင်းသောယဇ်ပလ္လင်ဖြစ်၍၊ ထိုပလ္လင်နှင့် တွေ့သမျှသောအရာတို့သည် သန့်ရှင်းသောအရာဖြစ်ရမည်။
29:38 ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသောအရာဟူမူကား၊ အခါလည်သော သိုးသငယ်နှစ်ကောင်ကိုယူ၍၊
29:39 နေ့တိုင်းအစဉ်မပြတ် နံနက်ယံ၌တစ်ကောင်၊ ညဥ့်ဦးယံ၌တစ်ကောင်ကို ပူဇော်ရမည်။
29:40 သိုးသငယ်တစ်ကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း၍၊ ရသောသံလွင်ဆီ သုံးလောဃနှင့်ရောသော မုန့်ညက်တစ်ဩမဲကိုလည်းကောင်း၊ သွန်းလောင်းရာ ပူဇော်သကာဖို့ စပျစ်ရည် သုံးလောဃကိုလည်းကောင်း၊ သိုးသငယ်နှင့်အတူ ပူဇော်ရမည်။
29:41 အခြားသောသိုးသငယ်ကို ညဥ့်ဦးယံ၌ ပူဇော်သောအခါ၊ နံနက်ယံ၌ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာပါသည်နည်းတူပါလျက်၊ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာပြုရမည်။
29:42 ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့်ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာဝရဘုရားရှေ့တော်၌၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ်မီးရှို့သောယဇ်ကို ပူဇော်ရကြမည်။
29:43 ထိုအရပ်၌ ဣသရေလအမျိုးသားတို့နှင့် ငါတွေ့၍၊ ငါ့ဘုန်းတော်အားဖြင့် သူတို့ကိုသန့်ရှင်းစေမည်။
29:44 ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ၊ အာရုန်နှင့် သူ၏သားတို့ကိုလည်းကောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်ကိုလည်းကောင်း၊ ယဇ်ပလ္လင်ကိုလည်းကောင်း၊ ငါသန့်ရှင်းစေမည်။
29:45 ဣသရေလအမျိုးသားတို့တွင် ငါနေ၍၊ သူတို့၏ဘုရားဖြစ်မည်။
29:46 ငါသည် သူတို့တွင်နေခြင်းငှာ၊ သူတို့ကို အဲဂုတ္တုပြည်ထဲက ကယ်နုတ်ဆောင်ယူခဲ့သော သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။ ငါသည် သူတို့ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မောရှေအား မိန့်တော်မူ၏။