Exodus 30
30:1 တစ်နည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။
30:2 ထိုပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင်၊ စတုရန်းလေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိရမည်။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည်။
30:3 ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့်မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။
30:4 ရွှေတန်ဆာအောက်၊ ပလ္လင်တစ်ဖက်တစ်ချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍၊ ပလ္လင်ထမ်းစရာထမ်းပိုးနေရာ ဖြစ်ရမည်။
30:5 ထမ်းပိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံရမည်။
30:6 ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက်ထားသောသေတ္တာကို ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကိုထားရမည်။
30:7 အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကိုပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကိုရှို့ရမည်။
30:8 ညဥ့်ဦးယံ၌လည်း မီးခွက်တို့ကိုထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။
30:9 ထိုပလ္လင်ပေါ်မှာထူးခြားသော နံ့သာပေါင်းကို မရှို့ရ။ မီးရှို့သောယဇ်ကို မပြုရ။ ဘောဇဉ်ပူဇော်သကာကိုလည်း မပြုရ။ သွန်းလောင်းရာ ပူဇော်သကာကိုလည်း မပြုရ။
30:10 အာရုန်သည် တစ်နှစ်တစ်ခါ အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်းမင်္ဂလာကို ပြုရမည်။ သင်တို့သားစဉ်မြေးဆက်တို့သည် တစ်နှစ်တစ်ခါ ထိုသို့ပြုရကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။
30:11 တစ်ဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊
30:12 ဣသရေလအမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်းရှိသမျှတို့သည် အသီးအသီး မိမိအသက်ရွေးရန်အဖိုးကို ထာဝရဘုရားအားဆက်ကပ်ရမည်။
30:13 ရေတွက်၍ စာရင်းဝင်သောသူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တစ်ဝက်စီ ထာဝရဘုရားအားဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ် ဖြစ်သတည်း။
30:14 အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူအပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သောပူဇော်သကာကို ထာဝရဘုရားအားပြုရမည်။
30:15 ကိုယ်အသက်ကိုရွေးခြင်းငှာ၊ ထာဝရဘုရားအား ပူဇော်သကာကိုပြုသောအခါ၊ ငွေရတတ်သောသူတို့သည် မပို၊ ဆင်းရဲသောသူတို့သည် မလျှော့ဘဲ၊ လူတိုင်းအကျပ်တစ်ဝက်စီ ပေးရမည်။
30:16 ဣသရေလအမျိုးသားတို့၏ အရွေးငွေကိုယူ၍ သူတို့အသက်ကိုရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဖို့အလိုငှာ ထားရမည်ဟု မိန့်တော်မူ၏။
30:17 တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊
30:18 အာရုန်နှင့် သူ၏သားတို့လက်ခြေဆေးစရာဖို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကိုလုပ်၍၊ ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။
30:19 သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်သို့ ဝင်သော်လည်းကောင်း၊
30:20 အမှုတော်ကိုထမ်း၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ချဉ်းကပ်သော်လည်းကောင်း၊
30:21 သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေကိုဆေးရမည်။ ထိုသို့ သူတို့နှင့် သူတို့အမျိုးအနွယ် အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။
30:22 တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊
30:23 သင်သည်မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သောမုရန်စေး အကျပ်ငါးရာ၊ မွှေးသောသစ်ကြံပိုး နှစ်ရာငါးဆယ်၊ မွှေးသောကြံ နှစ်ရာငါးဆယ်၊
30:24 သစ်ကြံပိုး တစ်မျိုးငါးရာ၊ သံလွင်ဆီတစ်ဟိန်ကိုယူ၍၊
30:25 ဆေးသမားအတတ်နှင့် ဖယောင်းဆီကိုဖော်တတ်သည်အတိုင်း၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသောနံ့သာဆီကိုဖော်ပြီးမှ၊
30:26 ပရိသတ်စည်းဝေးရာတဲတော်နှင့် သက်သေခံချက် သေတ္တာကိုလည်းကောင်း၊
30:27 စားပွဲနှင့် စားပွဲတန်ဆာ ရှိသမျှကိုလည်းကောင်း၊ မီးခုံနှင့် မီးခုံတန်ဆာကိုလည်းကောင်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊
30:28 မီးရှို့ရာယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံခြေထောက်ကိုလည်းကောင်း၊ ထိုနံ့သာဆီနှင့်လိမ်းသဖြင့်၊
30:29 ထိုအရာတို့ကိုအလွန်သန့်ရှင်းစေခြင်းငှာ၊ ထိုသို့သန့်ရှင်းစေရမည်။ ထိုအရာတို့နှင့်တွေ့သမျှသောအရာသည် သန့်ရှင်းသောအရာဖြစ်ရမည်။
30:30 အာရုန်နှင့် သူ၏သားတို့ကိုလိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။
30:31 ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဖို့သန့်ရှင်းသော လိမ်းရန်ဆီဖြစ်ရမည်။
30:32 လူ၏ကိုယ်ပေါ်မှာ မလောင်းရ။ ထိုဆီကိုဖော်သည်နည်းတူ၊ အခြားသောဆီကို မဖော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည်မှတ်ရမည်။
30:33 ထိုဆီနှင့်တူအောင်ဖော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
30:34 တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသောငါးခွံ၊ ဂါလဗန်စေး၊ စင်သောလောဗန်စေးတို့ကို အညီအမျှချိန်ယူ၍၊
30:35 ဆေးသမားအတတ်နှင့် နှာဆေးကို ဖော်တတ်သည်နည်းတူ ရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကိုဖော်ရမည်။
30:36 အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။
30:37 ထိုသို့သောနံ့သာပေါင်းကို ဖော်သည်နည်းတူ၊ အခြားသောနံ့သာပေါင်းကို ကိုယ်သုံးဖို့မဖော်ရ။ သင်တို့တွင် ထာဝရဘုရားအဖို့သန့်ရှင်းရမည်။
30:38 အကြင်သူသည် မိမိရှူစရာဖို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဖော်၏။ ထိုသူသည် မိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။