Exodus 33
33:1 တစ်ဖန် ထာဝရဘုရားက၊ သင်မှစ၍ အဲဂုတ္တုပြည်မှ သင်နုတ်ဆောင်ခဲ့သောလူတို့၊ ဤအရပ်မှထွက်၍ သင်၏အမျိုးအနွယ်အားငါပေးမည်ဟု အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၌ ငါကျိန်ဆိုသောပြည်သို့ သွားကြလော့။
33:2 ကောင်းကင်တမန်ကိုလည်း သင်တို့ရှေ့သို့ငါစေလွှတ်၍၊ သူသည် ခါနနိလူ၊ အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကိုနှင်ထုတ်၍၊
33:3 နို့နှင့် ပျားရည်စီးသောပြည်သို့ သင်တို့ကိုပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင်မသွား။ သင်တို့သည် လည်ပင်းခိုင်မာသော လူမျိုးဖြစ်သောကြောင့်၊ လမ်း၌သွားစဉ် သင်တို့ကိုငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်ဟု မောရှေအား မိန့်တော်မူ၏။
33:4 ထိုမကောင်းသောသတင်းကို လူများတို့သည်ကြားသောအခါ၊ ငိုကြွေးမြည်တမ်းလျက်၊ အဘယ်သူမျှ တန်ဆာမဆင်ဘဲနေကြ၏။
33:5 အကြောင်းမူကား၊ ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် လည်ပင်းခိုင်မာသောအမျိုးဖြစ်ကြ၏။ သင်တို့အလယ်၌ ချက်ချင်းငါပေါ်လာ၍ ဖျက်ဆီးမည်။ ထိုကြောင့် သင်တို့၌ အဘယ်သို့ ငါပြုရမည်ကိုငါသိခြင်းငှာ၊ သင်တို့တန်ဆာများကို ချွတ်ကြလော့ဟု မောရှေအားမိန့်တော်မူနှင့်သတည်း။
33:6 ဣသရေလအမျိုးသားတို့သည် ဟောရပ်တောင်ခြေရင်း၌ မိမိတို့တန်ဆာများကို ချွတ်ကြ၏။
33:7 မောရှေသည် တဲတော်ကိုယူ၍ တပ်ပြင်၌ခပ်ဝေးဝေးဆောက်ပြီးလျှင်၊ ပရိသတ် စည်းဝေးရာတဲဟူ၍ ခေါ်ဝေါ်၏။ ထာဝရဘုရားကို ရှာသောသူအပေါင်းတို့သည် တပ်ပြင်၌ရှိသော ပရိသတ်စည်းဝေးရာတဲတော်သို့ ထွက်သွားကြ၏။
33:8 မောရှေသည်တဲတော်သို့ ထွက်သွားသောအခါ၊ လူအပေါင်းတို့သည်ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ရပ်လျက် တဲတော်အထဲသို့ မောရှေဝင်သည် တိုင်အောင် ကြည့်ရှုလျက်နေကြ၏။
33:9 မောရှေသည် တဲတော်အထဲသို့ဝင်ပြီးမှ၊ မိုးတိမ်တိုင်ဆင်းသက်၍ တဲတော်တံခါးဝ၌ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ၏။
33:10 တဲတော်တံခါးဝ၌ မိုးတိမ်တိုင်ရပ်နေသည်ကိုမြင်လျှင်၊ လူအပေါင်းတို့သည် ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ ကိုးကွယ်ကြ၏။
33:11 ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည်နည်းတူ၊ မောရှေနှင့် မျက်နှာချင်းဆိုင်၍ နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ၏လက်ထောက်နုန်၏သား ယောရှုမည်သောလုလင်သည်၊ တဲတော်မှမထွက်ဘဲနေ၏။
33:12 မောရှေကလည်း၊ ဤလူတို့ကိုပို့ဆောင်လော့ဟု ကိုယ်တော်မိန့်တော်မူသည်တွင် အကျွန်ုပ်နှင့်အတူ အဘယ်သူကို စေလွှတ်တော်မူသည်ကို အကျွန်ုပ်မသိရ။ သို့သော်လည်း ကိုယ်တော်က သင့်ကိုသင်၏နာမဖြင့်ငါသိ၏။ သင်သည် ငါ့ရှေ့၌မျက်နှာရပြီဟု အကျွန်ုပ်အား မိန့်တော်မူပြီ။
33:13 သို့ဖြစ်၍ အကျွန်ုပ်သည်ရှေ့တော်၌ မျက်နှာရလျှင်၊ မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည်အကြောင်း၊ ကိုယ်တော်၏လမ်းကို ပြတော်မူပါ။ ဤလူမျိုးသည် ကိုယ်တော်၏လူဖြစ်ကြောင်းကို ဆင်ခြင်တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။
33:14 ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ခြင်းချမ်းသာကိုပေးမည်ဟု မိန့်တော်မူ၏။
33:15 တစ်ဖန်မောရှေက၊ ကိုယ်တော်တိုင်မသွားလျှင် အကျွန်ုပ်တို့ကို ဤအရပ်မှ ပို့တော်မမူပါနှင့်။
33:16 အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် ရှေ့တော်၌မျက်နှာရသောအကြောင်းသည် အဘယ်သို့ထင်ရှားပါမည်နည်း။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသောအားဖြင့်သာ ထင်ရှားပါမည်မဟုတ်လော။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် မြေကြီးပေါ်မှာရှိသမျှသောလူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆိုလျှင်၊
33:17 ထာဝရဘုရားက၊ သင်လျှောက်သည်အတိုင်း ငါပြုမည်။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီ။ သင့်ကို သင်၏နာမဖြင့်ငါသိ၏ဟု မောရှေအားမိန့်တော်မူ၏။
33:18 တစ်ဖန်တုံ၊ ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အားပြတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟုလျှောက်လျှင်၊
33:19 ထာဝရဘုရားက ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါလျှောက်သွားစေမည်။ ထာဝရဘုရား၏နာမတော်ကိုလည်း၊ သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနားမည်။
33:20 သို့ရာတွင် သင်သည်ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသော လူတစ်စုံတစ်ယောက်မျှမရှိ ဟူ၍လည်းကောင်း၊
33:21 ငါ့အနားမှာနေရာတစ်ခုရှိ၏။ သင်သည်ကျောက်ပေါ်မှာရပ်ရမည်။
33:22 ငါ့ဘုန်းလျှောက်သွားသောအခါ၊ သင့်ကိုကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည်အခိုက်၊ သင့်ကို ငါ့လက်နှင့်ဖုံးအုပ်မည်။
33:23 ငါလက်ကို သိမ်းရုပ်သောအခါ၊ ငါ့ကျောကိုသာမြင်ရမည်၊ ငါ့မျက်နှာကိုမမြင်ရဟူ၍လည်းကောင်း မိန့်တော်မူ၏။