Exodus 34
34:1 တစ်ဖန် ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကိုခုတ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။
34:2 နက်ဖြန်နံနက် သင်သည်အသင့်နေလျက်၊ သိနာတောင်ပေါ်သို့တက်၍ တောင်ထိပ်၌ ငါ့ရှေ့မှာကိုယ်ကိုပြလော့။
34:3 သင်နှင့်အတူ အဘယ်သူမျှမတက်ရ။ တောင်တစ်ပြင်လုံး၌ လူကို မထင်ရှားစေနှင့်။ တောင်ခြေရင်း၌ သိုးနွားတို့ကို ကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။
34:4 ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကိုခုတ်ပြီးမှ၊ မောရှေသည် နံနက်စောစောထ၍ ထိုကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်သို့ တက်လေ၏။
34:5 ထာဝရဘုရားသည် မိုးတိမ်ဖြင့်ဆင်းသက်၍၊ ထိုအရပ်၌ မောရှေအနားမှာရပ်လျက်၊ ထာဝရဘုရား၏နာမတော်ကို ကြွေးကြော်တော်မူ၏။
34:6 ထာဝရဘုရားသည် မောရှေရှေ့၌ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊
34:7 အထောင်အသောင်းများသောသူတို့အား သနားခြင်းကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။
34:8 မောရှေသည် အလျင်အမြန်ဦးညွှတ်ချ၍ ကိုးကွယ်လျက်၊
34:9 အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသောအမျိုး ဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကိုလွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာဖို့ သိမ်းယူတော်မူပါဟုလျှောက်လျှင်၊
34:10 ထာဝရဘုရားက၊ ကြည့်ရှုလော့။ ငါပဋိညာဉ်ပြု၏။ မြေကြီးပေါ်မှာ လူမျိုး၌ မပြုစဖူးသော အံ့ဖွယ်သောအမှုတို့ကို သင်၏လူမျိုးရှေ့မှာ ငါပြုမည်။ သင်တို့အဖို့ ငါထာဝရဘုရားပြုရသောအမှုသည် ကြောက်မက်ဖွယ်သောအမှုဖြစ်ကြောင်းကို သင်ပေါင်းဖော်သောလူအပေါင်းတို့သည် မြင်ရကြလိမ့်မည်။
34:11 ယနေ့ငါမှာထားသောစကားကို မှတ်လော့။ သင့်ရှေ့မှာ အာမောရိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကို ငါနှင်ထုတ်မည်။
34:12 သင်သည် ယခုသွားသောပြည်သူပြည်သားတို့နှင့် မိတ်သဟာယဖွဲ့သဖြင့်၊ သင့်အလယ်၌တိုက်မိ၍ လဲစရာအကြောင်းမဖြစ်စေခြင်းငှာ၊ ကိုယ်ကိုကိုယ်သတိပြုလော့။
34:13 သူတို့ယဇ်ပလ္လင်များကို ဖျက်ဆီးရမည်။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည်။ သူတို့အာရှရပင်များကို ခုတ်လှဲရမည်။
34:14 အခြားသောဘုရားကို သင်သည်မကိုးကွယ်ရ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရားသခင်ဖြစ်တော်မူ၏။
34:15 သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိတ်သဟာယဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကိုပြု၍၊ ထိုဘုရားတို့အား ယဇ်ပူဇော်သောအခါ၊ သင့်ကိုခေါ်၍ သင်သည် ထိုယဇ်ကောင်ကိုစားမည်ဟူ၍လည်းကောင်း၊
34:16 သင်သည် သူတို့သမီးများကိုယူ၍၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့သည် မိမိတို့ဘုရားနှင့်မှားယွင်းခြင်းကိုပြု၍ သင်၏သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ၍လည်းကောင်း စိုးရိမ်စရာရှိ၏။
34:17 သင်သည် ကိုယ်အဖို့သွန်းသောဘုရားတို့ကို မလုပ်ရ။
34:18 သင်သည်အဗိဗလ၌ အဲဂုတ္တုပြည်မှထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစား၍ အဇုမပွဲကိုခံရမည်။
34:19 သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သင်၏တိရစ္ဆာန်တို့တွင်လည်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်းသားဦးကို သိုးသငယ်နှင့်ရွေးယူရမည်။
34:20 မရွေးလိုလျှင်၊ မြည်းသငယ်၏လည်ပင်းကို ချိုးရမည်။ သင်၏သားဦးအပေါင်းတို့ကို ရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။
34:21 ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ လယ်လုပ်ရာကာလ၊ အသီးအနှံသိမ်းရာကာလဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။
34:22 ဂျုံစပါးကိုသိမ်းစရှိသည်ကာလ ခုနစ်သီတင်းပွဲကိုလည်းကောင်း၊ နှစ်လဲသောအခါ သိုထားပွဲကိုလည်းကောင်းခံရမည်။
34:23 သင်တို့အမျိုးသား ယောက်ျားအပေါင်းတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရအရှင်ဘုရားသခင့်ရှေ့တော်၌ တစ်နှစ်လျှင် သုံးကြိမ်မျက်နှာပြရကြမည်။
34:24 တစ်ပါးအမျိုးသားများကို သင်တို့ရှေ့ကငါနှင်ထုတ်၍၊ သင်တို့နေရာနယ်ကို ငါကျယ်စေမည်။ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တစ်နှစ်တွင်သုံးကြိမ် မျက်နှာပြသွားသောအခါ၊ သင်၏မြေကို အဘယ်သူမျှမတပ်မက်ရ။
34:25 ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့် ရော၍ မပူဇော်ရ။ ပသခါပွဲယဇ်ကောင်ကို၊ နံနက်တိုင်အောင်မကြွင်းစေရ။
34:26 သင်၏မြေ၌အဦးသီးသော အသီးအနှံအကောင်းဆုံးကို သင်၏ ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ထဲသို့ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
34:27 ဤစကားများကိုရေးထားလော့။ ဤစကားများလာသည်အတိုင်း သင်မှစ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်ဟု မောရှေအားမိန့်တော်မူ၏။
34:28 ထိုအရပ်မှာ မောရှေသည် အစာကိုမစား၊ ရေကိုမသောက်ဘဲ၊ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားအထံတော်၌ နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော်မူ၏။
34:29 မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ၊ မိမိနှင့် ဘုရားသခင်နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာအရေထွန်းပကြောင်းကို မိမိမသိ။
34:30 အာရုန်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မောရှေကိုမြင်သောအခါ၊ သူ၏မျက်နှာအရေ ထွန်းပသောကြောင့်၊ သူတို့သည် မချဉ်းမကပ်ဝံ့ကြ။
34:31 မောရှေသည် သူတို့ကိုခေါ်၍၊ အာရုန်နှင့် ပရိသတ်သူကြီးတို့သည် ချဉ်းကပ်ကြလျှင်၊ မောရှေသည်နှုတ်ဆက်လေ၏။
34:32 ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်ကြလျှင်၊ သိနာတောင်ပေါ်မှာ ထာဝရဘုရားမိန့်တော်မူသမျှတို့ကို သူတို့အားဆင့်ဆိုလေ၏။
34:33 မောရှေသည် သူတို့အားဟောပြော၍မပြီးမီ မိမိမျက်နှာကို ဖုံးအုပ်လေ၏။
34:34 ထာဝရဘုရားရှေ့တော်သို့ ဝင်၍လျှောက်သောအခါ၊ မထွက်မီတိုင်အောင် မျက်နှာဖုံးကိုချွတ်ထား၏။ တစ်ဖန်ထွက်၍ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အားဆင့်ဆို၏။
34:35 သူ၏မျက်နှာအရေထွန်းပကြောင်းကို ဣသရေလအမျိုးသားတို့သည် မြင်ကြလျှင်၊ တစ်ဖန်အထဲသို့ဝင်၍ မလျှောက်မီတိုင်အောင် မိမိမျက်နှာကို ဖုံးအုပ်ပြန်၏။